မဲခေါင်၊ ဇန်နဝါရီ ၂၂
ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် – SSNDF/KNDF၊ ဗျူဟာ အမှတ် (၉)၊ တပ်ရင်း – ၁၀၁ မှ ရဲဘော်၊ ရဲမေများအား တာဝန်များ အသီးသီး ပေးအပ်ခဲ့ကြောင်း ယင်းတပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပြီးခဲသည့် ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်ပြီး တပ်စိပ်မှူး၊ ဒုတပ်စိပ်မှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ ဒုတပ်ခွဲမှူး၊ တပ်ခွဲရုံးတာဝန်ခံနှင် ့မဟာမိတ်ဆက်ဆံရေး တာဝန်များကို ခန့်အပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း SSNDF/KNDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
တာဝန်ပေးအပ်ခံရသည့် ရဲဘော်၊ ရဲမေများကလည်း ရှေ့ဆက် လျှောက်လှမ်းရမည့် တော်လှန်ရေးခရီးကို တတ်စွမ်းသမျှ အကောင်းဆုံး ကြိုးစား ပေးဆပ်သွားမည် ဖြစ်ကြောင်း ကတိသစ္စာ ပြုခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူတကွ တိုက်ပွဲဝင်ရန် ရဲဘော်၊ ရဲမေသစ်များကို ဖိတ်ခေါ် ကြောင်းလည်း SSNDF/KNDF B – 101 က ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ၏ ကွပ်ကဲမှုအောက်မှ တိုက်ပွဲဝင်ရန် ရှမ်းတောင်ရှိ ယခင် တော်လှန်ရေးတပ်ရင်း ၄ ခု အား ပူးပေါင်းကာ SSNDF/KNDF ဗျူဟာအမှတ်(၉) အဖြစ် ယမန်နှစ်တွင် ဧပြီလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
SSNDF/KNDF ဗျူဟာအမှတ် (၉) ၏ လက်အောက်တွင် ယခင် ရှမ်းတောင်တွင် လှုပ်ရှားခဲ့သော တပ်ရင်းများနှင့် ဒရုန်းအဖွဲ့အား ပေါင်းစည်းကာ SSNDF/KNDF B – 101, SSNDF/ KNDF B – 102, SSNDF/ KNDF B – 103 များအဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းသိရသည်။
#MeKongNews
#SSNDF
#KNDF
#တပ်ရင်း၁၀၁
#တာဝန်








