မဲခေါင်၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့တွင် ယမန်နေ့ ဇန်နဝါရီ ၁၂ရက် ညနေပိုင်းနှင့် ယနေ့နံနက် အစောပိုင်းတွင် ကားခိုးမှုနှင့် ဆိုင်ကယ် ရိုက်လုမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် မူဆယ်မြို့၊ ဟိုနား ရပ်ကွက်အတွင်း ဆိုင်ကယ် စီးလာသူတစ်ဦးကို အခြား ဆိုင်ကယ်စီးလာသူ ၂ ဦးက ရိုက်နှက်၍ ဆိုင်ကယ် လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဥ်တွင် ဆိုင်ကယ် အလုခံရသူမှာ ဆိုင်ကယ်လဲကျ၍ ထွက်ပြေးရာတွင် ရိုက်နှက် လုယက်သူက ဆိုင်ကယ်ကို စက်နှိုးမှောင်းနှင် ထွက်ပြေးသွားခြင်း ဖြစ်သည်။
“မနက်အစော တရုတ်ဖက် သွားဖို့ တန်းစီဖို့သွားတာ ရိုက်လုခံရတာလို့ သိရတယ်။ ခေါင်းလည်း ဒဏ်ရာရသွားတယ် ကြားတယ်၊ အနည်းဆုံး ၂ ယောက်လောက်သွားမှ နည်းနည်း စိတ်ချရတာ။ အခုက တစ်ယောက်ထဲ ဆိုတော့ အလုခံရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ညနေ ၄ နာရီတွင်လည်း မူဆယ်မြို့၊ အမှတ် (၁) လမ်းမပေါ်ရှိ Nut Garden အနောက်ဘက် အိမ်ရှေ့၌ ရပ်ထားသည့် crown အဖြူရောင် ကားတစ်စီး ခိုးယူခံရကြောင်း သိရသည်။
မူဆယ်မြို့သည် စစ်ကောင်စီက ထိန်းချုပ်ထားသလို ခရိုင်အဆင့်ရဲနှင့် ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်များ ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု မရှိသလောက် ဖြစ်ကာ ခိုး၊ ဆိုး၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် လုံခြုံမှုမရှိ ဖြစ်နေသည်ဟု ဒေသခံ ပြည်သူများက ဝေဖန်နေကြသည်။
#MeKongNews
#မူဆယ်
#ဆိုင်ကယ်
#ရိုက်လု
#ကားခိုး








