မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်တောင်ပိုင်းမှ တိုက်ပွဲများရှိနေသည့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် အခြား မြို့နယ်မှ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များဖြင့် လုံခြုံရေးအင်အား အများအပြား တိုးမြှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးကောက်ပွဲ အပိုင်း -၂ တွင် ပါဝင်သည့် မောက်မယ်မြို့နယ်တွင် ဇန်နဝါရီ ၇ ရက်မှ စတင်ကာ နမ့်စန်၊ လင်းခေးမြို့များမှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် အင်အား ၃၀၀ ခန့် အင်အား ဖြည့်တင်းကာ မဲရုံနှင့် အနီးတဝိုက် လုံခြုံရေးများချထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ကဒူးကြီးနယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေသလို အရင်နှစ်က ပြည်ခိုင်ဖြိုး ဥက္ကဌ အသတ်ခံထား ရတာကလည်း ရှိနေတော့ လုံခြုံရေး အထူးအင်အား ဖြည့်နေတယ်လို့ ယူဆတယ်”ဟု ဒေသခံ ရှမ်းနိုင်ငံရေးသမားတစ်ဦးက ဆို သည်။
ယမန်နှစ်က မောက်မယ် ကြံ့ခိုင်ရေးတီဥက္ကဌ စိုင်းငေါင်ဆိုင်ဟိန်းမှာ ၎င်း၏ ခြံအတွင်း ပစ်ခတ်ခံရသည့် ဖြစ်ရပ် ရှိနေသကဲ့သို့ PNLA ဌာနချုပ်ဘက်သို့ စစ်ကောင်စီတပ်နှင့် PNO တို့က စစ်ကြောင်းထိုးနေပြီး ဇန်နဝါရီ ၈ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသဖြင့် ရွေးကောက်ပွဲ ပျက်မည်ကို စစ်ကောင်စီက စိုးရိမ်နေသည့် သဘောဟု ၎င်းက သုံးသပ်သည်။
လက်ရှိ၌ မောက်မယ်မြို့နယ်ရှိ နောင်တဝပ်၊ ခရိန်းနန်းရွာ တိုက်ပွဲများအတွင်း ခရိန်းနိန်းရွာ အိမ်ခြေ ၁၀ လုံး ကျော်ကို စစ်ကောင်စီနှင့် PNO ပူးပေါင်း စစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆုတ်ခွာသွားရာ ပွန်ချောင်းအနီးတွင် တိုက်ပွဲ ထပ်ဖြစ်ခဲ့သေးသည်။
#MeKongNews
#တိုက်ပွဲ
#မောက်မယ်
#ရွေးကောက်ပွဲ
#လုံခြုံရေး
#တိုးမြှင့်ထား








