မဲခေါင်၊ ဒီဇင်ဘာ ၂၈
အတုအယောင်ရွေးကောက်ပွဲဟု နိုင်ငံတကာက သတ်မှတ်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲပထမပိုင်းတွင် တောင်ကြီးမြို့ရှိ မဲစာရင်းပါသူ ၁၇၅၀၀၀ (တစ်သိန်း၇သောင်း၅ထောင်) ကျော်မှာ မဲလာမပေးခဲ့ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။
တောင်ကြီးမြို့နယ်အတွင်း မဲစာရင်းပါသူ ဦးရေမှာ ၃၅၉၇၀၀ ကျော်ရှိသည့်အနက် ၁၈၄၇၀၀ ကျော်သာ မဲပေးကြပြီး ၁၇၅၀၀၀ ကျော်မှာ မဲလာမပေးခြင်းဖြစ်သည့်အတွက် မဲစာရင်းပါသူ ၄၈ ရာခိုင်နှုန်းခန့်မှာ မဲလာမပေးခြင်းဖြစ်သည်။
အချို့မဲစာရင်းတွင် မပါသည့်အတွက် မဲမပေးရသူအရေအတွက်မှာလည်း ထောင်ဂဏန်းရှိကြောင်းသိရသည်။
တောင်ကြီးမြို့မှ မဲရုံများကို နံနက် ၆နာရီမှာ ည ၇နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
ရှမ်းပြည်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း မဲပေးသူနည်းပါးသည့်အတွက် မဲရုံများမှ တစ်နာရီခြားတစ်ခါ မဲလာပေးရန် ဆော်ဩနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ယူသော်လည်း နိုင်ငံရေးအင်အားစုများ အားလုံးမပါဝင်ခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အများအပြားရှိနေခြင်း၊ နိုင်ငံအနှံတွင် ရွာမီးရှို့၊ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေခြင်းကြောင့် နိုင်ငံတကာက အတုအယောင် ရွေးကောက်ပွဲဟု သတ်မှတ်ထားခြင်းဖြစ်သည်။
#MeKongNews
#တောင်ကြီး
#အတုအယောင်ရွေးကောက်ပွဲ
#မဲစာရင်း
#NoVote








