မဲခေါင်၊ နိုဝင်ဘာ၂၈ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ၊ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် – PNO ၏ မဲဆွယ်ပွဲသို့ တစ်အိမ်တစ်ယောက် တက်ရန် ရွာအကြီးအကဲများက ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ပင်လောင်းဒေသ၌ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်များကိုယ်တိုင် နိုဝင်ဘာလအတွင်း တစ်ရွာပြီးတစ်ရွာ လာရောက် စည်းရုံးခဲ့ပြီး တစ်အိမ်တစ်ယောက် တက်ရောက်ရန် ရွာသူကြီးက ဆော်ဩပေးကြောင်း ဒေသခံများကပြောသည်။
“တစ်အိမ်တစ်ယောက် သွားရမယ်ပြောတော့ အမိန့်ပေးသလိုဖြစ်တယ်။ ကိုယ်က မသွားရင်လည်း ပတ်ဝန်းကျင်က နင်က PDF လား၊ အကြမ်းဖက်သမားကို အားပေးတာလား စသဖြင့်ပြောတယ်။ ဒီပင်လောင်းဖက်က PNO အားပေးသူကများတော့ ကိုယ်မကြိုက်ရင်တောင် တိတ်တိတ်လေးပဲ နေရတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် ကျေးရွာရှိ အပျို၊ လူပျိုများက မဖြစ်မနေ သွားရပြီး ဗုံ၊ မောင်းများဖြင့် PNO စည်းရုံးပွဲကို ကြိုဆိုပေးရန် တာဝန်ပေးထားကြောင်း ဒေသခံများကပြောသည်။
“ကိုယ်ကလူပျိုဆိုတော့ အထက်ကပေးလာတဲ့ အမိန့်ကို မလွန်ဆန်ရဲဘူး၊ လွန်ဆန်ရင် လှုမှုရေးပြစ်ဒဏ်ပေးတာ၊ ရွာကနေနှင်ထုတ်၊ ပယ်ထုတ်တာလုပ်တော့ သူတို့ ကြိုခိုင်းလည်း ကြိုရတာပါပဲ။ PNO ကိုမကြိုက်ပါဘူး၊ ဒါပေမယ့် ကိုယ်က ဒီဒေသမှာနေနေတော့ မကြိုက်ရင်လည်း ကိုယ်က ကြိုက်နေသလို နေပေးရတယ်” ဟု အသက်၂၅ နှစ်အရွယ် လူငယ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ပင်လောင်း၌ တောင်ထီဗွာ၊ မြောက်ထီဗွာ၊ ဗန်းဖြာ၊ လုံးပျဉ်၊ နောင်ပီး၊ တီကျစ်၊ စင်းတောင်း၊ လဲင်းတနျား၊ နန်းတုတ် စသည့် ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် PNO က ဆက်တိုက် မဲဆွယ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် မဲဆွယ်ပွဲစည်ရန် နာမည်ကြီးအဆိုတော်များ ဖြစ်ကြသော ခွန်ဇော်ဗဲင်း၊ နန်းမီးမီး၊ နန်းခံထဉ်၊ နန်းဗိုလ်ဖျူး စသူတို့၏ ဖျော်ဖြေမှုလည်း စည်းရုံးပွဲတွင် ထည့်ထားကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်၌ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် နင်ꩻရီရီဝင်း (ခ) နင်ꩻလုံခံꩻ၊ ရှမ်းပြည် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ခွန်ထိုင်း၊ ပြည်နယ်လွှတ်တော် – FPTP အတွက် ပင်လောင်းမြို့နယ်မဲဆန္ဒနယ်မှ ခွန်ဖိုးစိန်၊ ပြည်နယ်လွှတ်တော်- PR အတွက် မဲဆန္ဒနယ် (၁)မှ ခွန် ဝင်းနောင်နှင့်ခွန်အောင်ႏခမ်ꩻတို့ ဝင်ရောက် ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ပင်လောင်း
#PNO
#မဲဆွယ်ပွဲ
#ဖိအားပေး








