မဲခေါင်၊ နိုဝင်ဘာ ၁၀
ကျိုင်းတုံမြို့ လူကုန်တားရဲတပ်ဖွဲ့သို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် အဖွဲ့ခေါင်းဆောင် ရဲမှူးစိုးဝင်း ဆိုသူမှာ လူကုန်တားရဲလုပ်ငန်းများအား ဆောင်ရွက်ခြင်းမရှိဘဲ KTV၊ အရက်ဆိုင်နှင့် ပြည့်တန်ဆာခန်များတွင်သာ ပျော်ပါးနေကြောင်း ဒေသခံများက မဲခေါင်သို့ သတင်းပေး တိုင်ကြားလာသည်။
လွန်ခဲ့သည့် ၅ လခန့်က ကျိုင်းတုံမြို့သို့ လူကုန်တားရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းရွှေ့လာသူ ရဲမှူးစိုးဝင်း KTV၊ အရက်ဘားများနှင့် ပြည့်တန်ဆာခန်းများမှ ဆိုင်ပိုင်ရှင်များနှင့် အပေါင်းအသင်းလုပ်ကာ လိုင်ကြေးရယူထားကြောင်း၊ ၎င်းကိုယ်တိုင်လည်း ယင်းနေရာများတွင်သာ ပျော်ပါးပြီး အချိန်ကုန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူက ကျိုင်းတုံမှာ နေရာကောင်းတယ်ဆိုပြီး ရောက်လာတာ။ ရောက်ကတည်းက ဘာလူကုန်တားလုပ်ငန်းမှ မလုပ်ဘူး။ အခုဆို ကျိုင်းတုံမှာ လူပွဲစားတွေ အများကြီး ခြေကုပ်ယူထားပြီ။ သူရဲ့ အားနည်းမှုကြောင့်ဖြစ်လာတာ” ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မဲခေါင်သတင်းဌာနမှ စုံစမ်းရသည့် အချက်အလက်များအရ ရဲမှူးစိုးဝင်းမှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်းကြားမှာပင် ပြောစမှတ်တွင်အောင် နာမည်ထွက်နေကြောင်း၊ ယခင်က လူကုန်တားရဲတပ်ဖွဲ့တွင် ယင်းကဲ့သို့ လုပ်ဆောင်သူ မရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
ကျိုင်းတုံမြို့နယ်သည် ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူး တိုင်းရင်းသားအများစု နေထိုင်ပြီး ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်များနှင့် နီးကပ်သည့်အတွက် လူကုန်ကူးမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အရင်ကတော့ တရုတ်ဘက်ကို တရုတ်မယားအဖြစ် ရောင်းစားကြတာ၊ ဒီဒေသဘက်မှာက ဗဟုသုတအားနည်းတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ ဆင်းရဲမွဲတေမှုမြင့်တာကြောင့် ရောင်းစားခံရတဲ့သူလည်း ရှိတယ်။ ကိုယ်တိုင် လိုလိုချင်ချင်နဲ့ သွားတဲ့လူလည်း ရှိတယ်။ ပွဲစားတွေစကားယုံလို့သွားပြီး ဟိုမှာ ဒုက္ခရောက်တဲ့လူတွေလည်း အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်က ရှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်မြို့ရှိ လူကုန်တားရဲတပ်ဖွဲ့များမှာ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အကူအညီပေးမှုများကြောင့် ပြည်သူများအကြား နာမည်ကောင်းရသော်လည်း နောက်ပိုင်းတာဝန်ကျ ရဲမှူးများ၏ လာဘ်စားမှုများကြောင့် နာမည်ဆိုးများ ထွက်လျက်ရှိသည်။
#MeKongNews
#ကျိုင်းတုံ
#လူကုန်တားရဲတပ်ဖွဲ့
#ရဲမှူးစိုးဝင်း
#ပြည့်တန်ဆာ








