မဲခေါင် နိုဝင်ဘာ ၅
စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ကမ်ပိန်းပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို နိုဝင်ဘာလ ၃ရက်တွင် ‘တရားမဝင် အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်’ အမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ယင်း “No Election, No Vote” ကမ်ပိန်းကို အောက်တိုဘာ ၃ရက်ကလည်း အင်းလေးကန်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် ပြုလုပ်ခဲ့ခြင်းကြောင်း၊ အခက်အခဲတစ်ချို့ရှိသည့်အတွက် တစ်ချိန်တည်းဖြင့် နေရာစုံကို ဖြန့်ဝေနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ပြောခွင့်ရသူ ကိုအားမာန်က မဲခေါင်သို့ပြောသည်။
“လူထုရဲ့တုံ့ပြန်ချက်ကပေါ့နော် လက်ရှိမှာ ပြောရခက်ပါတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က နီးရာဓားကြောက်နေရတဲ့ဘဝကို။ ဒါပေမယ့် ဒီကမ်ပိန်းအတွက် တချို့ပြည်သူတွေကတော့ တက်တက်ကြွကြွနဲ့ ပါပါဝင်လှုံ့ဆော်ပေးတာမျိုးလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။
ယင်းလှုပ်ရှားမှုကို ညောင်ရွှေမြို့၊ ငဖယ်ချောင်းအုပ်စု၊ အင်းပေါခုံအုပ်စု၊ နမ့်ပန်အုပ်စု၊ ခေါင်တိုင်အုပ်စု၊ သလဲဦးအုပ်စုတို့တွင် “သင့်မဲဖြင့် စစ်တပ်ကို တရားဝင်လူသတ်ခွင့်ရအောင် မလုပ်ပါနှင့်။ ရွေးကောက်ပွဲဟာ ထွက်ပေါက်မဟုတ်ဘူး။ ထောင်ချောက်” စသည့် စာတမ်းများပါသည့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်ဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပြည်သူအတွက် အကျိုးမရှိသော ၂၀၀၈အခြေခံဥပဒေကို ကိုင်စွဲပြီး စစ်အာဏာရှင်ကပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည်စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်သာ ဖြစ်သဖြင့် ယင်းရွေးကောက်ပွဲကို ဆန့်ကျင်ရေးသည် အမျိုးသားရေးဖြစ်သည်ဟု ကိုအားမာန်ကပြောသည်။
အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ကို စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်နေကြသည့် အင်းလေးလူမှုအဖွဲ့အစည်းများ၊ အင်းသားပြည်သူများ၊ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးကို ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့များ ဖြစ်သည်။
#MeKongNews
#အင်းလေး
#လူထုလှုပ်ရှားမှု
#စစ်ကောင်စီ
#အတုအယောင်ရွေးကောက်ပွဲ








