မဲခေါင်၊ အောက်တိုဘာ ၇
ကြံတစ်တန် စက်ရုံအရောက် ငွေကျပ် ၁ သိန်း ၇ သောင်း စျေးဖြင့် ဆင်းရွှေလီသကြားစက်၊ ငွေရည်ပုလဲသကြားကုမ္ပဏီက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ထက် ကြံတစ်တန်စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ယခုနှစ် ကြံရာသီအတွက် ကြံတစ်တန်စျေးကို ပြီးခဲ့သည့် နှစ်က ဖွင့်ဈေးဖြစ်သည့် ကျပ် ၂ သိန်းနှုန်းထက် ငွေ ၃ သောင်း ကျပ် လျှော့ချပြီး စျေးဖွင့်လာခြင်းကြောင့် ကြံစိုက်တောင်သူတွေ အခက်ကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကြံကြိတ်ဝါးရာသီချိန်က သကြားစက်ရုံများက နေရာဒေသအအလိုက် ကြံတစ်တန်ကို ၁ သိန်း ၈ သောင်းမှ ၂ သိန်းကျပ် စျေးဖွင့်ခဲ့ကြပြီး ယခုလို စျေးအနိမ့်နှင့် ဖွင့်ခြင်းကြောင့် ကြံစိုက်တောင်သူများအတွက် တွက်ချေမကိုက်ဟု ဆိုကြသည်။
“ကုန်စျေးနှုန်းက တက်ပြီးရင်းတက်နေတာ။ ကြံကျမှ စျေးကျတယ်တဲ့။ အရင်နှစ်စျေးမှန်းပြီး စိုက်ခဲ့တာ၊ အရင်နှစ်စျေးလောက်တော့ ပေးသင့်တယ်။ (အရင်နှစ်က) သကြားနဲ့ ချေလို့ အကြွေးတောင် မကျေသေးဘူး” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ပြောသည်။
ယမန်နှစ်က ကြံဘိုးငွေကို စက်ရုံက သကြားဖြင့်ပေးချေထားရာ သကြားစျေးကျနေသဖြင့် ယခုလိုကြံဖွင့်စျေးနိမ့်ကျရခြင်းဖြစ်ကြောင်း ဈေးကွက်ထဲမှ သိရသည်။
ကြံစိုက်ပျိုးစရိတ် မြင့်တာလာသည့်အတွက် တောင်သူများအနေဖြင့် ယခင်နှစ်အဖွင့်ဈေး တစ်တန်လျင် ကျပ် ၂ သိန်းရမှသာ အရင်းရရုံဖြစ်ပြီး ယခုအဖွင့်ဈေးဖြင့် အရင်းရရန်ပင်မလွယ်ကြောင်း ရှမ်းတောင်အခြေစိုက် တောင်သူများက ပြောသည်။
မန္တလေးသကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်း၏ သကြားစျေးနှုန်းများမှာ စက်တင်ဘာလ ၃၀ ရက်တွင် တစ်ပိဿာလျင် ပေါင်းသကြား ၃၈၅၀ ကျပ်မှ ၄၀၀၀ ကျပ်၊ သကြားအစိုကို ၃၆၅၀ ကျပ်၊ ခါသကြား ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ပွက်သား ၂၆၇၀ မှ ၂၉၀၀ ကျပ်၊ ခါစက်ကျ ရည် ၂၅၀၀ မှ ၂၆၀၀ ကျပ်၊ ပေါင်းစက်ကျရည် ၈၀၀ မှ ၂၀၀၀ ကျပ် ရှိနေပြီး အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနိုင်ပြီး ကုန်ပစ္စည်းအရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှုရှိသည်ဟု သိရသည်။
လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်၌ သကြားတစ်ပိဿာလျင် ကျပ် ၄၂၀၀ မှ ၄၆၅၀ ကျပ်နှုန်းရှိနေပြီး ကမ္ဘာ့သကြားစျေးမှာ သကြားတစ်တန်လျင် အမေရိကန်ဒေါ်လာ ၆၀၀ အောက်တွင် ရှိနေကြောင်း သိရသည်။
#MeKongNews
#သကြားစက်
#ငွေရည်ပုလဲ
#ကြံဈေးနှုန်း
#ရှမ်းတောင်








