မဲခေါင်၊ စက်တင်ဘာ ၂၂
တြိဂံဒေသတိုင်း စစ်ဌာနချုပ်အပိုင်ဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ တာချီလိတ်ဘက်အထွက် ရေပူစမ်းကွင်းအတွင်းရှိ ဆိုင်ခန်းများတွင် ပြည့်တန်ဆာခန်းများ စက်တင်ဘာလအစပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ယင်းသို့ ဖွင့်လှစ်ထားမှုအပေါ်ဒေသခံများက စိတ်အနှောက်အယှက်ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားရှိသည့် ပြည့်တန်ဆာများမှာ တရားဝင်ဖွင့်ခွင့်ရထားသည်ဟု ပြောဆိုနေသဖြင့် သက်ဆိုင်ရာများက ခွင့်ပြုထားသည့်ကိစ္စ အမှန်ဟုတ်၊ မဟုတ် ဒေသခံများက သိလိုကြကြောင်း ကျိုင်းတုံမြို့ခံများက မဲခေါင်သို့ ပြောသည်။
ယင်းဆိုင်ခန်းများကို ရေပူစမ်းကွင်းတာဝန်ခံ ဦးမိုး၊ ပြည့်တန်ဆာခေါင်းကျော်မင်းနှင့် မင်းမင်းထွန်းတို့မှ တာဝန်ယူ ဖွင့်လှစ်လျက်ရှိပြီး ယင်းဆိုင်ခန်းများကို ပြင်ဆင်စရိတ်နှင့် နေပြည်တော်ကို ဂါရဝကြေးအဖြစ် တခန်းလျှင် သိန်း ၃၀၀ တောင်းယူထားပြီး ဖြစ်သည့်အပြင် ဆိုင်ခန်းတစ်ခန်းအတွက် လိုင်းကြေး ၁၁ သိန်း၊ ဆိုင်ခန်းငှားခ ၁၀ သိန်းနှုန်းဖြင့် တစ်လ ၂၁ သိန်းပေးထားရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။
“သူတို့ပြောတာက တရားဝင်ဖွင့်ခွင့်ရထားတာဖြစ်လို့ တိုင်းမှူးကိုတောင် ဂရုစိုက်စရာ မလိုဘူးလို့ပြောနေတာ။ တြိဂံတိုင်းစစ်ဌာနချုပ်အနေနဲ့ တကယ်ပဲ တရားဝင်လုပ်ပိုင်ခွင့် ပေးထားပြီလားဆိုတာ မြို့နေလူထုအနေနဲ့ သိချင်နေတာ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းပြည့်တန်ဆာခန်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်က ဒုတိုင်းမှူးမှ ကြီးကြပ်ကွပ်ကဲ၍ နှင်ထုတ်ထားပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းဆိုင်ခန်းများတွင် မူးယစ်ဆေးဝါးများပါ ရလာကြောင်း ဒေသခံများထံမှ သိရသည်။
“အရင်က မိန်းမလောက်နဲ့ အရက်လောက်ပဲ။ ခုက ဟက်ပီးဝါးတားလို မူးယစ်ဆေးစုံရလာပြီ၊ လာတဲ့သူတွေကလည်း တပ်နဲ့ဌာနစုံက ကြီးကြီးတွေပါပဲ။ ရှယ်ယာပါတယ်တောင် ကြားတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
ယခုလ စက်တင်ဘာ ၁ ရက်နေ့က ယင်းဆိုင်ခန်းများ၌ ပြည့်တန်ဆာခန်းများ ပြန်လည် လုပ်ကိုင်ဖွင့်လှစ်လာသည်မှာ ယခုဆိုရင် အခန်း ၂၀ နီးပါး ရှိနေပြီဟု ယင်းဒေသခံက မဲခေါင်သို့ ပြောသည်။
ကျိုင်းတုံမြို့သည် တြိဂံဒေသစစ်တိုင်းဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ပြည်နယ်ခွဲအုပ်ချုပ်ရေးအဆင့်ရှိရာ ရှမ်းအရှေ့မြို့တော်လည်း ဖြစ်သည်။
#MeKongNews
#ကျိုင်းတုံ
#တြိဂံဒေသတိုင်း
#ပြည့်တန်ဆာ
#ရှမ်းအရှေ့








