မဲခေါင်၊ သြဂုတ်၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၅၈ ဦးကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းပြန်ကြားရေးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ – ၄ က ယနေ့ သြဂုတ်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျားဖြန့်များကို မိုင်းလား-တာလော့ နယ်စပ်ဂိတ်၌ ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ရဲများက လုံခြုံရေးယူပေးထားကြောင်း မိုင်းလားဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“ဒီက ရဲတွေ လုံခြုံရေးယူပေးတာတွေ တွေ့တယ်၊ ပြဿနာက မိုင်းလားက စစ်အုပ်ချုပ်ကြေညာထားတော့ ပုံတောင်မရိုက်ရဲဘူး။ တော်ကြာ အဖမ်းခံထိမှာစိုးလို့” ဟု ၎င်းက ပြောသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်မှစပြီး အထူးဒေသ -၄ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် စစ်ကောင်စီသည် အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၅၅၀၀ ဦးကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်း ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက သြဂုတ်လ၁ရက်က ပြည်တွင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေးကိုပါ ရက်ပေါင်း ၉၀ သတ်မှတ်ရာတွင် NDAA ထိန်းချုပ်သည့် မိုင်းလားပါဝင်ခဲ့ရာ အဆိုပါ ထုန်ပြန်ချက်အရ မိုင်းလားသည် တြိဂံဒေသစစ်တိုင်းမှူး၏ အမိန့်အာဏာအောက်တွင် သက်ရောက်နေသည့်နယ်မြေ ဖြစ်သွားခဲ့ရသည်။
မိုင်းလားမြို့နယ်သည် NDAA ထိမ်းချုပ်နယ်မြေဆိုသော်လည်း အရင်ကပင် ရှမ်းအရှေ့ ၁၀ မြို့နယ်ထဲမှာ ပါဝင်သလို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီက ခရိုင်အဆင့် တိုးဖွဲ့ခဲ့သည်။
#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#ကျားဖြန့်
#စစ်အုပ်ချုပ်ရေး








