မဲခေါင်၊ ဇွန် ၅
MNDAA ထိန်းချုပ်ဒေသ အထူးဒေသ-၁ မှ ပြုလုပ်ပေးထားသည့် ဒေသခံကတ်နှင့် အိမ်ထောင်စုစာအုပ်ရှိသူများကို တရုတ်ဘက်မှ မံစီအထိသွားလာခွင့်စာအုပ် ပြုလုပ်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
MNDAA အထူးဒေသ – ၁ အိမ်ထောင်စုစာရင်းနှင့် ဒေသခံကတ်ကို ကျေးရွာအလိုက်ပြုလုပ်ပေးနေပြီး အထူးဒေသ-၁ မှတ်ပုံတင် လျှောက်ယူပါက တရုတ်ငွေယွမ် ၇၀ သတ်မှတ်ထားကြောင်း သိရသည်။
“ဒါက လားရှိူးက ဆုတ်ပေးဖို့ ညှိတုန်းကပါတဲ့ကိစ္စပဲ။ ၁ရက်နေ့ကစတယ်။ အခု မံစီ၊ ထိန်ချုံး၊ ယင်ကျန်း အထိ သွားခွင့်ရတာပေါ့။ ထိန်ချုံးနဲ့ယင်ကျန်းက ကချင်နယ်စပ်နဲ့နီးတယ်။ မံစီကို ရွှေလီကလည်းသွားလို့ရတယ်။ မိုင်၁၀၀လောက်ရှိမယ်”ဟု လားရှိုး၊ မန်ပိန်းရပ်နေ အထူးဒေသ-၁ မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးက ပြောသည်။
အထူးဒေသ-၁ ဒေသခံမဟုတ်ဘဲ ပြင်ပမှ အလုပ်လာရောက်လုပ်ကိုင်သူများအတွက်မူ ဒေသခံက ထောက်ခံမှသာ နေထိုင်ခွင့်ရသည့်အတွက် မှတ်ပုံတင်ရရန် မလွယ်ကူကြောင်း သိရသည်။
MNDAA အထူးဒေသ-၁ ဒေသခံ မဟုတ်သည့်သူများအနေဖြင့် ဒေသခံ လျှောက်ယူမည်ဆိုပါက MNDAA တပ်ဖွဲ့နှင့်၎င်း၏ ဌာနဆိုင်ရာများတွင် နှစ်ကြာတာဝန်ထမ်းဆောင် နေသူများ၊ ယွမ် ၅ သိန်းထက်မနည်းကို ယင်းဒေသ၏ ဘဏ်တွင် ၅ နှစ် အခမဲ့ အပ်နှံထားသူ၊ ဒေသအတွင်းပိုင်ဆိုင်မှုယွမ် ၅ သိန်း နှင့်အောက်မနည်းရှိသူ၊ ဒေသအကျိုးအတွက် ရင်းနှီးမြှုပ်နှံမှုရှိသူများ ဖြစ်ရန်လိုအပ်ကြောင်း MNDAA က သတ်မှတ်သည်ဟု သိရသည်။
လားရှိူးကို စစ်ကောင်စီလက်ထဲ ပြန်ပေးပြီးနောက် ကိုးကန့် – တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပေးလာခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#ကိုးကန့်
#ကိုးကန့်ဒေသခံကတ်ပြား
#တရုတ်နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်
#MNDAA








