မဲခေါင်၊ မေ ၂၈
ရှမ်းပြည်ရှိ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် နေရာများ ရှာဖွေ ဖော်ထုက်ရန် ပထမဆုံး စူးစမ်းလေ့လာမည် ဟု စစ်ကောင်စီက မေလ ၂၇ ရက်တွင် ကြေညာထားသည်။
ကလောအနည်ကျချိုင့်ဝှမ်းဒေသသည် ကုန်းတွင်း ရေနံ နှင့် သဘာဝဓါတ်ငွေ လုပ်ကွက် အမှတ် PSC-U နှင့် PSC-V တို့ ကြားတွင် ရှိပြီး ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့ အနီးဝန်းကျင်တွင် တည်ရှိသည်။
မြန်မာနိုင်ငံအတွင်း ကုန်းတွင်းအနည်ကျချိုင့် ဝှမ်း ၁၄ ခုရှိပြီး ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကောင်းစွာရှာဖွေတူးဖော် ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျချိုင့်ဝှမ်း ၉ခုရှိရာ ၎င်းတို့အနက် ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)ကို ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု စစ်ကောင်စီက ဆိုသည်။
ယင်းကွင်းဆင်း လေ့လာမှုကို ရန်ကုန်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် ဘူမိဗေဒပညာရှင်များ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။
ကလော အနည်ကျချိုင့်ဝှမ်းကို ပထမဆုံးအကြိမ်ကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်း (Field Report) တစ်ခုရရှိရန် ဆောင်ရွှက်မည် ဟု ဆိုထားသည်။
ဖေသန်း
#MeKongNews
#ကလောချိုင့်ဝှမ်း
#ရေနံ
#သဘာဝဓာတ်ငွေ့
#ရေနံမြေ








