မဲခေါင်၊ မေ ၂၇
၁၀၂၇ စစ်ဆင်ရေးဖြစ်ကာစတွင် ကာလိဘက်သို့ ပြောင်းရွှေ့လာသည့် ကျားဖြန့်လုပ်ငန်းများမှာ လုပ်ငန်းပြန်လည် လည်ပတ်နေပြီဖြစ်ပြီး အလုပ်သမားများကိုလည်း ရိုက်နှက်ညှင်းပန်းမှုများပြုလုပ်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယင်းကျားဖြန့်လုပ်ငန်းများကို ကာလိပြည်သူ့စစ်က အကာအကွယ်ပေးထားပြီး ပြောင်းရွှေ့လာစဉ်က ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသော်လည်း ယခုအခါ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရှမ်းပြည်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။
“မြောက်ပိုင်း (၁၀၂၇ စစ်ဆင်ရေး) က စစဖြစ်ဖြစ်ချင်း ၁၀၀ လောက် လာခိုလှုံတာ၊ ပထမတုန်းက ဒီအတိုင်းခိုလှုံခွင့်ပေးထားတာ၊ အခုလုပ်နေပြီ။ ခြံစည်းအမြင့်၊ ကာကင်းမျှော်တွေ ဘာတွေနဲ့၊ တချို့ အလုပ်သမားတွေကိုလည်း ခိုင်းတဲ့အတိုင်း မလုပ်ရင် ကြိုးတုပ်နေလှန်းတာတွေလုပ်တယ်။ ရိုက်နှက်တယ်”ဟု ၎င်းက ပြောသည်။
ကာလိရှိ ကျားဖြန့်လုပ်ငန်းများတွင် အလုပ်သမားများကို ညှဥ်းပန်းနှိပ်စက်ရိုက်နှက်နေသည့် ပုံများ၊ ဗီဒီယိုများကိုလည်း မဲခေါင်သို့ ပြီးခဲ့သည့်ရက်ပိုင်းက ပေးပို့လာသည်။ (ဗီဒီယိုနှင့် ဓာတ်ပုံအပြည့်အစုံကို Telegram Channel -https://t.me/mekongnewsmm/35832 တွင် ကြည့်ရှု့နိုင်သည်)
ကာလိမှာ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်လမ်း မကြီးပေါ်တွင်တည်ရှိပြီး ယခု ကျားဖြန့်နေရာမှာ ကာလိ၏ မြောက်ဘက်တွင် ရှိသည်ဟု ဆိုသည်။
ရှမ်းပြည်တောင်ပိုင်းရှိ ကာလိတွင် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသလို ဝမ်ဟိုင်းတွင်လည်း SSPP ဌာနချုပ်ရှိနေကာ ယခု ကျားဖြန့်နေရာသည် SSPP တပ်မဟာ ၇မှ အသွင်ပြောင်းသွားသည့် ပြည်သူစစ်အဖွဲ့ ၏ လှုပ်ရှားနယ်မြေအတွင်း ဖြစ်ကြောင်း သိရသည်။
ကျားဖြန့်လုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ကရင်ပြည်နယ်၊ မြဝတီနှင့် ရှမ်းပြည်တို့တွင် ရှိနေဆဲဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“KK PARK ထဲမှာ လှုပ်ရှားဆဲပဲ။ ရုံ နဲ့ တခြား DKBA ထိမ်းချုပ်နယ်မြေတွေဖက် ပျံ့သွားတာတွေနဲ့ဆို ၂၀၀ နီးပါး လည်ပတ် နေဆဲပါ။ ဥပမာ ရထိုက် ခေါ် Yan Tai လား၊ သူ့က ခေါင်းဆောင် ဖမ်းခံနေရပေမယ့် သူ့လက်ထောက် ညီက ဆက်လက် လှုပ်ရှားနေဆဲပါ။ မန်း နဲ့ မူဆယ်၊ တန့်ယန်း မြို့တွေမှာ လက်ခွဲတွေ ရှိနေဆဲပါ” ဟု ၎င်းကမဲခေါင်ကို ပြောသည်။
လက်ရှိတွင် မြဝတီတွင် ကျားဖြန့်များကို ဖမ်းဆီးနေသည်ဆိုသော်လည်း မြဝတီရှိကျားဖြန့် လုပ်ငန်းခွင်များအတွက် အလုပ်ခေါ်ယူမှုများ ဆက်လက်ရှိနေဆဲဖြစ်သလို တရုတ်နိုင်ငံမှ ကျားဖြန့်ကင်းစင်ပြီဟု ပြောဆိုထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်တွင်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
မဟာ
#MeKongNews
#ကျားဖြန့်
#ရှမ်းတောင်
#ကာလိ
#ကာလိပြည်သူ့စစ်








