မဲခေါင်၊ မေ ၂၂
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရသူ ဗိုလ်ချုပ်ချိုထွန်းအောင်ကို ၎င်း၏နေအိမ်ရှေ့တွင်ပင် Golden Valley Warriors မြို့ပြပြောက်ကျားရဲဘော်များက မေလ ၂၂ရက်က နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ် ရှိ ၎င်း၏ နေအိမ်တွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ချိုထွန်းအောင်သည် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သည် စစ်တပ် ဗိုလ်မှူးကြီးအဆင့်မှ စတင် တက်ရောက်ရသည့် စစ်တပ်၏ အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတခုဖြစ်ကြောင်း သိရသည်။
Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးနောက် ၎င်းကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်မှ ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သော်လည်း လက်ရှိအကြမ်းဖက်စစ်တပ်၏ နေ့စဉ်လူမဆန်မှုများစွာအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူများကိုလည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ် သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း GVW က ဆိုသည်။
ဗိုလ်ချုပ်ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကာ နေပြည်တော် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC တွင် လူမဆန်သည့် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီစစ်တပ်အရာရှိကြီးများကို ဆက်တိုက် သင်ကြားပို့ချနေခြင်းဖြစ်ကြောင်း၊ ၎င်းမှာ စစ်တပ်အာဏာသိမ်းစဉ်က ရန်ကုန်မြို့နယ်စည်ပင်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို နှောက်ယှက်တားဆီးရန် အစီအစဉ်များဆောင်ရွက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းမှာ အထက (၄) စမ်းချောင်းမှ ကျောင်းသားဟောင်းတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အားထားရသူ များထဲတွင် ဗိုလ်ချုပ် ချိုထွန်းအာင်လည်းပါဝင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံလေတပ်စခန်းမှ စစ်တပ်သယ်ယူပို့ဆောင်ရေးလေယဉ် MAF003 အထူးလေယာဉ်ဖြင့် စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့် ထင်ရှားအရေးပါသူများကို နေပြည်တော်စစ်ရေးပြ အခမ်းအနားတက်ရန် မင်းအောင်လှိုင်က စီစဉ်ပေးထားရာတွင် ယင်းလေယာဉ်ပေါ်၌ အေးနေဝင်းတို့မိသားစု အပါအဝင် ဗိုလ်ချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်း သိရသည်။
#MeKongNews
#ဗိုလ်မှူးချုပ်ချိုထွန်းအောင်
#GoldenVallyWarriors
#နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်








