မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ယခုလ ၂၀ ရက်တွင် UWSA တပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သော ကျားဖြန့်လုပ်ကိုင်သူ ၁၀၀ ကျော်တွင် ဒေသတွင်း ‘ဝ’၊ ကိုးကန့်နှင့် ရှမ်း လူငယ်များစွာပါဝင်ကြောင်း ဟိုပန်မြို့၊ ကွက်သစ်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ပြောသည်။
ဝဒေသ ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း)ရပ်ကွက်၊ ပန်လုံလမ်းရှိ ကျားဖြန့်လုပ်ငန်း တစ်ခုကို UWSA တပ်က ညသန်းခေါင်အချိန် ဝင်ရောက်စီးနင်းရာ ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ ဦးနှင့် စက်ပစ္စည်းများ ဖမ်းဆီးရမိပြီး ကျားဖြန့်လုပ်ကိုင်သည့် ထိုအဆောက်အအုံကို UWSA က ချိတ်ပိတ်ခဲ့သည်။
“ဒီမှာက သိပ်မပြောချင်ကြဘူး၊ ကျားဖြန့်ဖမ်းတာတော့ သိတယ်၊ ရပ်ရွာထဲက ကလေးတွေလည်း ပါကြတယ်လေ၊ အဖမ်းခံရတဲ့ကလေးတွေကို သူတို့မိဘတွေ လိုက်ရွေးနေကြတယ်” ဟု ဟိုပန် ကွက်သစ်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ပြောသည်။
ထိုလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ဝင်ရောက်စီးနင်းခြင်းမပြုမီ ရက်ပိုင်းအလိုတွင် နေရာပြောင်းရွှေ့နေထိုင်ခဲ့သဖြင့် ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသသတင်း WNL က ဖေါ်ပြသည်။
ဟိုပန်မြို့တွင်း၌ ကျားဖြန့်လုပ်ငန်းများ ကျန်ရှိနေသေးသည်ဟု သိရသည်။
UWSA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးတွင် ဟိုပန်မြို့နှင့် ပန်လုံမြို့များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ကိုးကန့်တပ်ထံမှ လွှဲပြောင်းရယူခဲ့ပြီးနောက် ယခုတွင် ဟိုပန်မြို့၌ ပထမဆုံးကျားဖြန့်လုပ်ငန်းကို ဖမ်းဆီးခြင်းဖြစ်သည်။
UWSA သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ကိုင်သူ တစ်ထောင်ကျော်ကို ဖမ်းဆီးပြီး ၎င်းတို့အထဲမှ ၇၆၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
မဟာ
#MeKongNews
#UWSA
#ဟိုပန်မြို့
#ကျားဖြန့်
#ဖမ်းဆီး








