မဲခေါင်၊ အောက်တိုဘာ ၁၂
ပြင်ဦးလွင်နဲ့နောင်ချိုကြားတစ်လျှောက် လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေမှာ မိုးကုတ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အကြောင်းမဲ့ ငွေညစ်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
မန္တလေး-မိုးကုတ် ကိုခရီးသွားလာနေတဲ့ မိုးကုတ် မုတ်ပုံတင်၉/မကန(နိုင်) ကိုင်ဆောင်ထားသူ၊ အထူးသဖြင့် ကိုးကန့်လူမျိုးနဲ့ တရုတ်သွေးနှောတွေကို စစ်ကောင်စီဂိတ်မှာ အကြောင်းမဲ့ ငွေညစ်တောင်းခံနေတာဖြစ်ပြီး တစ်ယောက်ကို ကျပ် ၃သောင်း၊ ၅သောင်း တောင်းခံတယ်လို့ ခရီးသွားအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“မန္တလေးကနေဆိုရင် အထွက်နားလို့ပြောရမလား၊ မေမြို့အဝင်နားက ၂၄ မိုင်ဂိတ်၊ အဲဒီနားကစပြီးတော့ မှတ်ပုံတင်က မိုးကုတ်မှတ်ပုံတင်၊ ဒါပေမဲ့လူမျိုးမှာက ကိုးကန့်ပါတာပြီးတော့ ဗမာ၊ တရုတ်။ အဲဒီဟာကိုတရုတ်လို့ပါလို့ သူတို့(စစ်ကောင်စီ)ဂိတ်က တစ်ယောက်ကို ၃ သောင်း၊ ၅သောင်း အဲ့လိုတောင်းတာ။ အဲ့ကားပေါ်ပါလာတဲ့ ကိုးကန့် ၂ယောက်ကို တစ်ယောက် ၅သောင်းတောင်းတာ ပေးလိုက်ရတယ်” လို့ သူကပြောပါတယ်။
ပြင်ဦးလွင်အထွက်က လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီဂိတ်များက မိုးကုတ်မှတ်ပုံတင် ကိုင်ဆောင်ထားသူခရီးသည်တွေကို တစ်ယောက် ၅၀၀၀ ကျပ်စီ အကြောင်းမဲ့ငွေညစ်တာလည်း ရှိတယ်လို့ ခရီးသွားတွေကဆိုပါတယ်။
“ပြင်ဦးလွင်အထွက်က ကြိမ်ဂနိုင်ရွာ မရောက်ခင်လမ်းမကြီးမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားနေတဲ့ခရီးသည်တိုင်းကို ရဲတွေက မှတ်ပုံတင်တွေယူကြည့်တယ်။ မိုးကုတ်မှတ်ပုံတင်ဆိုရင် တစ်ယောက်ကို ၅ထောင်၊ တစ်သောင်းတောင်းတယ်” လို့ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ ပြင်ဦးလွင်ကွင်းလမ်းကနေ သွားလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီရဲ့ ပြင်ဦးလွင် ၂၄မိုင်ဂိတ်၊ ဝက်ဝံဂိတ်နဲ့ ယင်းငူပင်ဂိတ်တွေမှာ ငွေညစ်တောင်းခံတာတွေ ပြုလုပ်နေပြီး စစ်ကောင်စီရဲ့ ဝက်ဝံဂိတ်မှာ မန္တလေး- မိုးကုတ်သွားတဲ့ ၈/ မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်သူတွေကို အကြောင်းမဲ့ ငွေညစ်တောင်းခံတာမျိုး ပြုလုပ်တယ်လို့ ခရီးသွားထံမှ သိရပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်ကွင်းလမ်း၊ တောလမ်းဘက်ကနေ မိုးကုတ်၊ နောင်ချို၊ လားရှိုးသွားတဲ့ ခရီးသွားလာတဲ့ကားတွေ အများဆုံးသွားလာ ကြတာဖြစ်ပါတယ်။
ဒါ့အပြင့ ပြင်ဦးလွင် ကွင်းလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ဖြစ်တဲ့ ဆိုလာပြားနဲ့ ပါဝါဘန့်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထား တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
ဇူလိုင် ၂၄ ရက်နေ့က TNLA နဲ့ပူးပေါင်းတပ်တွေ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းပိုက်ရရှိပြီးနောက်မှာ စစ်ကောင်စီက မန္တလေး-မိုးကုတ် ပုံမှန် သွားလာတဲ့ ပြင်ဦးလွင်-မိုးကုတ် လမ်းမကြီးကို ပိတ်ဆို့ထားတဲ့အတွက် မန္တလေး-မိုးကုတ် ခရီးသည်တွေဟာ ပြင်ဦးလွင် ကွင်းလမ်းဘက်ကနေ ညအိပ်ပြီး ခက်ခက်ခဲခဲသွားလာရတာဖြစ်ပါတယ်။
MK – 016








