မဲခေါင်၊ ဩဂုတ် ၇
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တိုက်ပွဲမှာ ပြင်းထန်ဒဏ်ရာ ရခဲ့တဲ့ ဒုခရိုင်ရဲမှူး လှမျိုးဟာ အခြေအနေ တိုးတက်ကောင်းမွန်လာပေမယ့် အဆုတ်ထိထားတာကြောင့် စကားမပြောနိုင်သေးဘူးလို့ စစ်ရေး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လှမျိုးဟာ ဇူလိုင်လ ၂၄ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အနီး တာဝါတိုင်အောက်မှာ လက်နက်ကြီးစ ထိမှန်ခဲ့တာ ဖြစ်ပြီး လတ်တလောမှာ ကိုးကန့်တပ်မတော် (MNDAA)က ဆေးကုသပေးနေတာပဲ ဖြစ်ပါတယ်။
လှမျိုးဟာ လားရှိုးမြို့ စစ်ဆေးရေးဂိတ်နဲ့ လုံခြုံရေး လှည့်ကင်းတွေကို အဓိက တာဝန်ယူရပြီး ရမခဒုတိုင်းမှူး ဗိုလ်ချုပ်တင်ထွန်းအောင်နဲ့ အတူထွက်ပြေးစဉ်မှာ ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
“အဲဒီညပဲ သူတို့ အတူတူထိတာ။ လှမျိုးက ထွက်ပြေးလို့ ဖမ်းမိတာ အခုတော့ အတော်သက်သာပါပြီ စကားတော့မပြောနိုင်သေးဘူး” လို့ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိ ကျန်းမာရေး အခြေအနေအရ ရင်ဘတ်မှာ လက်နက်ကြီးစတွေ စိုက်ဝင်နေပြီး စကားပြောနိုင်ဖို့အတွက် ရက်အနည်းငယ် စောင့်ကြည့်ရမယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ရမခတိုင်း စစ်ဌာနချုပ်ကို MNDAA ကဝင်ရောက်တိုက်ခိုက်စဉ်မှာ စစ်ကောင်စီဖက်က ဒဏ်ရာရစစ်သည်တွေနဲ့ မိသားစုဝင်တွေကို ပစ်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဒဏ်ရာရစစ်သည်၊ မိသားစုဝင်တွေနဲ့ သုံ့ပန်းတွေကို MNDAA ကဘေးလွတ်ရာကို ပြောင်းရွှေ့ပေးပြီး ဆေးကုသပေးနေတာပဲ ဖြစ်ပါတယ်။
MK-14








