မဲခေါင်၊ ဇွန် ၆
တာချီလိတ်မြို့ ပါလျံ(၃) ရပ်ကွက်ရုံးကို နိုင်ငံပိုင်သိမ်းထားတာမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးတွေက တရားခံပြေးကို ချိန်းခြောက်ကာ အပိုင်သိမ်းထားပြီး ကိုယ်ပိုင်လုပ်ငန်းအတွက် အသုံးပြုနေတယ်တဲ့အတွက် ရပ်ကွက်နေသူတွေက ရပ်ကွက်အတွက်လိုအပ်တာ အသုံးပြုချင်နေကြပါတယ်။
မူးယစ်တရားခံတစ်ဦး ထွက်ပြေးတိမ်းရှောင်ရာက နေအိမ်ကို နိုင်ငံတော်က သိမ်းဆည်းခဲ့တာမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်ရုံးအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ပါလျံ ၃ ရပ်ကွက်ကို ရန်အောင်မြေ ရပ်ကွက်လို့ အမည်ပြောင်းပြီးနောက် ရပ်ကွက်ရုံးအဖြစ်ဆက်လက်အသုံးမပြုတော့ဘဲ ရာအိမ်မှုးက ကိုယ်ပိုင် ဂိုဒေါင်အဖြစ်အသုံးပြုနေပြီး နိုင်ငံတော်ကိုအပ်နှံခြင်းမပြုဘူးလို့ ရပ်ကွက်တွင်းနေသူတွေက ပြောပါတယ်။
“ဒီအိမ်ကြီးက အစိုးရကသိမ်းတာလည်း မဟုတ်ဘူး။ အခုက ရာအိမ်မှူးက သူ့အပိုင်လို သူ့ပစ္စည်းတွေပဲထားပြီး အသုံးပြုနေတာ။ ရပ်ကွက်အတွက် တစ်ခုခုလုပ်ပေးရင်လည်း ဟုတ်သေးတယ်။ ဒါမှမဟုတ် တကယ်လိုအပ်တဲ့အဖွဲ့အစည်းတစ်ခုခုကို ပေးလိုက်ရင်လည်း ဟုတ်တယ်။ ကြာရင် သူတို့က မောင်ပိုင်စီးတော့မှာ အိမ်ပိုင်ရှင်ကလည်း တရားခံပြေးဆိုတော့ ပြန်မလာတော့ဘူး”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့အတွင်း မူးယစ်မှုတွေနဲ့ သိမ်းဆည်းထားတဲ့ နေအိမ်တွေကို ဌာနဆိုင်ရာဝန်ထမ်းတွေ နေထိုင်ဖို့ အာဏာပိုင်အဆင့်ဆင့်က ပေးထားတာတွေရှိပေမယ့် အခုရပ်ကွက်ရုံးအဟောင်းကို တရားဝင် နိုင်ငံတော်က သိမ်းဆည်းထားတာမဟုတ်တဲ့အတွက် ရပ်ကွက်ရာအိမ်မှူးက သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုနေတာပါ။
ပါလျံ ၃ ရပ်ကွက်ရုံးအဟောင်းကို ရပ်ကွက်သာရေးနာရေးအဖြစ် ရပ်ကွက်နေသူတွေက အသုံးပြုချင်နေကြတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ စီစဉ်ဆောင်ရွက်ပေးစေချင်နေတာ ဖြစ်ပါတယ်။
MK-002








