မဲခေါင်၊ မေ ၃၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ဒေါ်လာနဲ့ရွှေစျေး မတည်ငြိမ်နေတဲ့အတွက်ကြောင့် ယခင်ထက် အိမ်ခြံမြေစျေးတွေ ပိုမြင့်လာပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် စျေးနှုန်းနဲ့ အရောင်းအဝယ် ဖြစ်နေကြပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း အရာရှိပိုင်းတွေနဲ့ ငွေကြေးချမ်းသာသူ စစ်ဘေးရှောင်တွေသာ အဝယ်များနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ပျမ်းမျှအားဖြင့် အိမ်ခြံမြေစျေးကွက်ဟာ ၃၀ နဲ့ ၅၀ ရာခိုင်နှုန်းအထိ တက်လာပေမယ့် ငွေကြေးတတ်နိုင်တဲ့ စစ်ဘေးရှောင်၊ ဒေသခံတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အရာရှိပိုင်းတွေက လက်ရှိငွေတွေ မဆုံးရှုံးစေဖို့အတွက် လိုက်လံ ဝယ်ယူနေတယ်လို့ ပွဲစားတွေဆီက သိရပါတယ်။
ပွဲစားတစ်ဦးက “စျေးတော့ပိုဆိုနေကြတာဘဲ၊ ကြိုက်ရောင်း ကြိုက်ဝယ်များတယ်။ စစ်တပ်ဘက်က အရာရှိပိုင်းတွေလည်း လိုက်ဝယ်နေကြတယ်။ တချို့အရာရှိတွေဆို ၃၊ ၄ ကွက် ဝယ်ထားကြတာ။ စျေးကတော့ တက်လာတယ်ဆိုပေမယ့် ကြိုက်ရောင်း ကြိုက်ဝယ်ဆိုတော့ ပိုက်ဆံလိုတဲ့သူတွေက အရင်စျေးနဲ့ပဲ ပြန်ထုတ်တာလည်း ရှိတယ်။ ဒါကတော့ လူနည်းစုပေါ့၊ အများစုကတော့ တက်တယ်လို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။
မေလ ၂၀ ရက်နေ့လောက်ကစပြီး ဒေါ်လာနဲ့ရွှေစျေး ဆက်တိုက်မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး နေ့စဥ်နဲ့အမျှ ကျဆင်းနေတဲ့အတွက် အိမ်ခြံမြေ စျေးနှုန်းဟာ မှန်းဆမရတော့တဲ့အပြင် တစ်နေ့ တစ်မျိုး စျေးအပြောင်းအလဲ ရှိနေတယ်လို့ ဆိုပါတယ်။
တောင်ကြီးနဲ့ အေးသာယာမြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်နေသူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေကို ရောင်းချကာ မြို့စွန်ရပ်ကွက်တွေဆီ ရွှေ့ပြောင်းအခြေချကြပြီး ပိုနေတဲ့ပိုက်ဆံတွေနဲ့ ရွာမြေတွေကို ဝယ်ယူထားတယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာ မြေကွက်ရောင်းချခဲ့ပြီး ရွာမြေ ပြန်လည်ဝယ်ယူခဲ့သူတစ်ဦးက “လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ အနေအထားအရ ဂရမ်မြေကိုလက်လွှတ်လိုက်ရတဲ့သဘောပဲ။ မလိုအပ်ရင်တော့ ဘယ်သူက ထုတ်ချင်မှာတုန်း၊ ဂရမ်မြေလောက်တော့ ခိုင်ခန့်မှုမရှိဘူးဆိုသော်ငြား ပိုက်ဆံ မပျောက်ပျက်အောင်တော့ လက်ထဲမှာ တစ်ခု အစားထိုး ပြန်ဝယ်လိုက်တဲ့သဘောပဲ” လို့ ပြောပါတယ်။
လတ်တလောမှာ ပိုင်ဆိုင်မှုအထောက်အထားမခိုင်မာတဲ့ မြေကွက်တွေထက် ဂရမ်အမည်ပေါက်တဲ့ အိမ်ခြံမြေ တွေကိုသာ ပိုမိုအရောင်းလိုက်နေပြီး အိုးပိုင်အိမ်ပိုင်တချို့ကလည်း သူတို့ပိုင်ဆိုင်တဲ့အိမ်ကို ရောင်းချကာ အိမ်ငှား နေနေကြတာတွေလည်း တွေ့နေရပါတယ်။
အလားတူ တောင်ကြီးမြို့နယ်တွင်း ကားအရောင်းအဝယ် စျေးကွက်ဟာလည်း ၅၀ ရာခိုင်နှုန်းခန့် တက်လာပြီး ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့အမျှ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ကား လက်ဝယ်ကိုင်ဆောင်ထားချင်တဲ့သူတွေ အလုအယက် ဝယ်ယူနေတာကြောင့် လိုင်စင်မဲ့နဲ့ လိုင်စင်ရှိကား ၂ မျိုးလုံး အရောင်းသွက်နေကြတယ်လို့ စုံစမ်း သိရပါတယ်။
MK-015








