မဲခေါင်၊ မေ ၃၀
ရှမ်းမြောက်၊ ကိုးကန့်၊ အထူးဒေသ(၁) ရဲတပ်ဖွဲ့က ဒေသအတွင်း မော်တော်ယာဉ်နံပါတ်ပြားနဲ့ယာဉ်မောင်းလိုင်စင်တွေ (SR-1) ကို ပြောင်းလဲမယ့် လုပ်ငန်းစဉ်တွေကို မေလ ၂၈ ရက်စွဲပါ နဲ့ ထုတ်ပြန်ကြေညာလာတာ တွေ့ရပါတယ်။
လက်ရှိ အထူးဒေသ(၁)က KK နံပါတ်ပြား၊ နံပါတ်ပြားအတု တပ်ဆင်ထားတဲ့ကားတွေ ကြေညာချက်မှာပါတဲ့ နေရာ (၃)နေရာမှာ ပြန်လည်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
ချင်းရွှေဟော်ယာဉ်ထိန်းရဲတာဝန်ကျစခန်းလုပ်ငန်းခွင်၊ ဝမ်ဟုန်လမ်းက တုန်ချိန်ချောင်းလုပ်ငန်းခွင်နဲ့ ကျုပ်ဖိုင်၊ ညောင်ပင်က အထူးဒေသ(၁) ယာဉ်ထိန်းရဲအဖွဲ့စခန်း လုပ်ငန်းခွင်(၃)ခုမှာ လာမယ့် ဇွန်လ ၁ ရက်ကနေ စက်တင်ဘာလ ၁ ရက်အထိ မြန်မာစံတော်ချိန် မနက် ရနာရီခွဲက ၁ဝနာရီခွဲ အထိ၊ ၁၁နာရီခွဲက ညနေ၃နာရီခွဲအထိနဲ့ ညနေ ၄ နာရီခွဲက ၆နာရီခွဲအထိ ၃ ချိန်ခွဲပြီး လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးမယ်လို့ ပါရှိပါတယ်။
လာရောက်လုပ်ဆောင်သူတွေအနေနဲ့ အထူးဒေသ(၁)အတွင်း အိမ်ယာမြေရှိတဲ့ သက်ဆိုင်ရာရဲ့ထောက်ခံချက်၊ မှတ်ပုံတင်မူရင်းနဲ့မိတ္တူ၊၊ ယာဉ်ပိုင်ရှင်ပြောင်းလဲမှုရှိက ရောင်းဝယ်မူရင်းစာချုပ်၊ မှတ်ပုံတင်နဲ့ မြို့နယ်/တိုက်နယ်ထောက်ခံချက် တို့ပါရှိရမှာ ဖြစ်ပါတယ်။ အိမ်ယာမြေမရှိပါက သက်သေခံသူပါရင် နံပါတ်ပြားလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ယာဉ်နံပါတ်ပြားမလျှောက်ထားခင် ယာဉ်ပိုင်ရှင်ဟာ အထူးဒေသ(၁) ဘဏ္ဍာရေးဌာနမှာ အခွန်မှတ်တမ်းတင်တာ အခွန်ဆောင်တာတွေကို ဦးစွာလုပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီဘဏ္ဍာရေးဌာနက ထုတ်ပေးတဲ့ ထောက်ခံချက်နဲ့ သတ်မှတ်နေရာတွေမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ရုံးသုံးကားတွေကိုတော့ ရုံးထောက်ခံချက်နဲ့လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်တိုင်မှတ်ပုံတင်၊ ယာဉ်နံပါတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် ၄ မျိုးလုံး ရှိပါက ကျသင့်ငွေရဲ့ တစ်ဝက် သက်သာနိုင်မယ်လို့ ဆိုပါတယ်။
ယာဉ်နံပါတ်ပြားအသစ်ရရှိပါက ယာဉ်မှာ ချက်ခြင်းတပ်ဆင်ပြီး အဟောင်းကို ရဲတပ်ဖွဲ့ထံအပ်နှံရမှာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ရဲတပ်ဖွဲ့က လိုင်စင်နဲ့နံပါတ်ပြား မရှိတဲ့ ယာဉ်တွေကို ရှင်းလင်းသွားမယ်လို့ဆိုပြီး လုပ်ငန်းစဉ်ကို လာရောက်မလုပ်တဲ့ယာဉ်တွေကို ကားလမ်းပေါ်မောင်းနှင်ခွင့်မပြုတဲ့အပြင် ယာဉ်ပိုင်ရှင်ကိုလည်း ဥပဒေနဲ့အညီ အရေးယူမယ်လို့ ပါရှိပါတယ်။ အဓိက ကတော့ ယာဉ်နံပါတ်ပြားပြောင်းလဲသုံးစွဲမှုကို အထူးစစ်ဆေးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယာဉ်ပိုင်ရှင်ဟာ အခြားသူကို ငှားရမ်းတာ၊ ရောင်းချတာတွေမှာ အမည်မပြောင်းရသေးခင် ယဉ်မတော်တဆမှုဖြစ်လို့ ယာဉ်မောင်းနှင်သူ ထွက်ပြေးတာ၊ အခြားဥပဒေတွေချိုးဖောက်တာတွေရှိခဲ့ရင် သံသယရှိသူတွေကို မဖမ်းမိခင် ယာဉ်ပိုင်ရှင်နဲ့သက်သေခံသူက တာဝန်ယူပြီး မှုခင်းစစ်ဆေးနိုင်အောင် ပါဝင်ဆောင်ရွက်ရမှာဖြစ်သလို ကျူးလွန်သူကို ဖမ်းမမိခဲ့ပါက ယာဉ်ပိုင်ရှင်နဲ့သက်သေခံသူကို ကိုးကန့်ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြပါရှိပါတယ်။
MK-012








