မဲခေါင်၊ ဇူလိုင် ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အရှိန်လွန်မောင်းနှင်သည့် ကားတစ်စီး လျှပ်စစ်ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင်လ ၂၃ ရက် ၁၀ နာရီကျော်ခန့်က တာချီလိတ်မြို့ ၏ ဖန်မင်အုပ်စု၊ မယ်ဟုတ်ကျေးရွာအတွင်း တာချီလိတ်-ကျိုင်းတုံ အမှတ် (၄) လမ်းမကြီးအပိုင်းရှိ Bright Star Future မူကြိုကျောင်းအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကာ ဓာတ်တိုင်ကျိုးပျက်ခြင်း ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
“မောင်းတဲ့သူတော့ ဆွဲသွားပြီ၊ ဓာတ်တိုင်ဖိုးလည်း လျော်ရမယ်ထင်တယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
ထိုယာဥ်တိုက်မှုကြောင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) မှ အသိပေးထားသည်။
ဓာတ်တိုင်အသစ် အစားထိုးစိုက်ထူလဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၂ နာရီအချိန်ထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ စစ်ဗျူဟာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်များနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတို့ကို အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။
တာချီလိတ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုကြောင့် ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဇွန် ၂၀ ရက်ကလည်း တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ရွာအနီး ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ရသေးသည်။
ယခင်ကလည်း ကားဖြင့် ဓာတ်တိုင်ကို ဝင်တိုက်မိသူတစ်ဦး ဘတ် ၃၅ သိန်းခန့် လျော်ပေးရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။
#MeKongNews
#ရှမ်းအရှေ့
#တာချီလိတ်
#ယာဥ်တိုက်
#လျှပ်စစ်
#ဓာတ်တိုင်








