မဲခေါင်၊ ဇွန် ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခိုးမှုကျူးလွန်ဖူးသူတစ်ဦးကို မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာမှ ခိုးရာပါပစ္စည်းများနှင့်အတူ ခိုးမှု လုယက်မှုကျူးလွန်သူ ၇ ဦးကို ထပ်မံဖမ်းဆီးရမိသည်ဟု ရဲသတင်းရင်းမြစ်များထံမှသိရသည်။
ယမန်နေ့ ဇွန် ၂၆ ရက်တွင် ဆိုင်ကယ်ခိုးမှုဖြင့် အရေးယူခံခဲ့ရဖူးသူ ထွန်းအောင် (ခ) ချစ်တီးအား ရဲတပ်ဖွဲ့က မသင်္ကာဖွယ်တွေ့ရှိသဖြင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ၎င်းနှင့်အတူ ခိုးမှုနှင့် လုယက်မှုများ ကျူးလွန်ခဲ့သည့် ကောင်းပိုင်ဖြိုး (ခ)ကောင်းကောင်း၊ ပြုံးဟိန်းကို (ခ)ဘေဘီကျော်၊ လင်းထူး (ခ)မောင်းပြုံး၊ မိုးသက်ပိုင်ထွန်း (ခ)မင်းထက်၊ အောင်ငြိမ်းချမ်းနှင့် အောင်အောင်ဦး (ခ)ဗီလားတို့ စုစုပေါင်း ၇ ဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ ထမ်မံ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးမိသူများထံမှ ခိုးယူထားသည့် ဆိုင်ကယ် ၃ စီး၊ လုယက်မှု ကျူးလွန်ရာတွင် အသုံးပြု သည့် ဆိုင်ကယ် ၁ စီး၊ လုယက်ရယူထားသည့် လက်ကိုင်ဖုန်း ၂ လုံးနှင့် ခြံဝန်းတံခါးများ ဖြတ်တောက်ရာတွင် အသုံးပြုသည့် ကတ်တာ ၁ ချောင်းတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား တာချီလိတ်ရဲခစန်းက အမှုဖွင့်အရေးယူထားပြီး သိမ်းဆည်းမိသော ဆိုင်ကယ်များနှင့် လက်ကိုင်ဖုန်းများကို မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
လက်ရှိတွင် ရက် ၁၀၀ စီမံကိန်းအတွင်း သတ်မှတ်အမှုအရေအတွက် ပြည့်မီရေး ရဲတပ်ဖွဲ့များက အမှုများကို အပြိုင်အဆိုင် ရှာဖွေနေလျက်ရှိရာ ပြစ်မှုကျူးလွန်ဖူးသူများ၊ ဆိုင်ကယ်သူခိုးများကို အလေးထား ဖမ်းဆီးလျက်ရှိသည်ဟု ရဲသတင်းရင်းမြစ်က ပြောသည်။
#MeKongNews
#တာချီလိတ်
#ခိုးမှု
#ခိုးရာပါပစ္စည်း
#လုယက်မှု








