မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်တောင်ပိုင်းရှိ အောင်ပန်း၊ ပင်တယနှင့် တီကျစ်မြို့နယ်များတွင် စိုက်ပျိုးထားသည့် ငရုတ်ပွသီးများမှာ ဝယ်ယူသူ မရှိသလောက် ဖြစ်လာပြီး စျေးကွက်ပျက်နေသဖြင့် တောင်သူများအနေဖြင့် အခင်းလိုက်ဖျက်ဆီးနေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလအတွင်း ငရုတ်ပွသီး တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိ စျေးရရှိခဲ့သော်လည်း ယခု ဇွန်လအတွင်းတွင် ဝယ်လက်များ လုံးဝမရှိတော့သည့်အထိ စျေးကွက်အခြေအနေ ဆိုးရွားလာခဲ့ကြောင်း သိရသည်။
“ဒီနှစ်မှာ မျိုးစေ့၊ မြေဩဇာ၊ ဆေးဝါးနဲ့ အလုပ်သမားစရိတ်တွေ မြင့်တက်နေပေမယ့် စျေးကွက်က ဒီလောက်အထိ ပျက်မယ်လို့ မထင်ခဲ့ဘူး။ အရင်လကတော့ ပွဲစားတွေ လာဝယ်ကြပေမယ့် အခုချိန်မှာ လာမေးတဲ့သူတောင် မရှိတော့ဘူး။ ခူးပြီးထားရင်လည်း ပုပ်သွားနိုင်တာကြောင့် အချို့တောင်သူတွေက အခင်းထဲမှာပဲ ဖျက်ဆီးပစ်နေရတယ်။ စိုက်စရိတ်တောင် ပြန်မရတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ငရုတ်ပွသီးသည် သိုလှောင်ထားရန် မလွယ်ကူသည့် သီးနှံဖြစ်သည့်အတွက် ရောင်းချနိုင်ခြင်း မရှိပါက အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးရကြောင်းနှင့် အကြွေးယူ၍ စိုက်ပျိုးထားသည့် တောင်သူများမှာ ပိုမိုအခက်အခဲကြုံတွေ့နေရကြောင်း ပင်းတယမြို့နယ်မှ တောင်သူတစ်ဦးကလည်း ပြောဆိုသည်။
“အဓိကပြဿနာက အဝယ်ဒိုင်တွေနဲ့ ကုန်သည်ကြီးတွေဆီက အမှာစာတွေ လျော့နည်းသွားတာပါ။ ကျနော်တို့အနေနဲ့ ဝယ်ယူပြီး ပြန်ရောင်းဖို့ စျေးကွက်မရှိတော့တဲ့အတွက် ဝယ်ယူမှုတွေ ရပ်ထားရပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကလည်း အခက်အခဲတစ်ခု ဖြစ်နေတယ်” ဟု ငရုတ်ပွ ပွဲစားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး လက်ရှိအခြေအနေသည် တောင်သူများနှင့် ပွဲစားများ၏ ပြဿနာ မဟုတ်ဘဲ နောက်ဆုံးဝယ်လက်စျေးကွက် ကျဆင်းသွားခြင်းကြောင့် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါက လာမည့် စိုက်ပျိုးရာသီတွင် ငရုတ်ပွသီးစိုက်ပျိုးသည့် တောင်သူဦးရေ လျော့နည်းသွားနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် အောင်ပန်း၊ ပင်းတယနှင့် တီကျစ်ဒေသများရှိ ငရုတ်ပွစိုက် တောင်သူများမှာ စိုက်ပျိုးစရိတ်များ ပြန်လည် မရရှိသည့်အပြင် အချို့မှာ အကြွေးဝန်ထုပ်ဝန်ပိုးများ တိုးပွားလာနေပြီး စိုက်ခင်းများကို အခင်းလိုက် ဖျက်ဆီးရသည့် အခြေအနေများအထိ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှမ်းတောင်
#ငရုတ်ပွသီး
#စျေးကွက်ပျက်
#ဖျက်ဆီး








