မဲခေါင်၊ ဇွန် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို၊့ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျားဖြန့်တရုတ် ၄ ဦးကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးအား ဖုန်းမျိုးစုံ ၃၄ လုံး၊ All In One ကွန်ပျူတာ ၈ လုံး၊ အင်ဗာတာ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။
ယင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟု စစ်ကောင်စီက ဆိုသည်။
လက်ရှိတွင် မူဆယ်မြို့၌ ကျားဖြန့်ရုံများကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးပြနေသော်လည်း ဖမ်းဆီးသည့် ရုံများမှာ လူ ၁၀၀ မပြည့်သည့် ရုံအသေးစားများသာဖြစ်ပြီး လူထောင်ချီသည့် ကျားဖြန့်ရုံကြီးများကိုမူ ဖမ်းဆီးခြင်းမရှိသဖြင့် မူဆယ်ပြည်သူများကလည်း ဝေဖန်နေကြသည်။
“ကျနော် အရင်ရက်ပြောခဲ့သလိုပဲ ထပ်ပြောရမှာပဲ။ အခုဖမ်းတာက ဟန်ပြ အသေးစားတွေပဲ ဖမ်းတာဖြစ်တယ်။ လူထောင်နဲ့ချီ အလုပ်လုပ်တဲ့ ရုံကြီးတွေကို သူတို့မထိဘူး။ ရေသောက်မြစ်ကို မဖြတ်ပဲ ကိုင်းဖျား ကိုင်းနားပဲ ချိုင်ပြနေတာ ဖြစ်တယ်။ ဒီလိုလုပ်နေမှတော့ ကျားဖြန့်ခေါင်းဆောင်တွေက အရက်သောက်တောင် မပြတ်ဘူးလို့ပဲ ပြောချင်တယ်” မူဆယ် ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင်လည်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ တရုတ် ၂ ဦးအပါအဝင် ကျားဖြန့်သမား ၅၉ ဦးကို စစ်ကောင်စီ ဖမ်းဆီးခဲ့သေးသည်။
မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစားရုံ ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံ အကြီး ၃၉ ရုံ အသေး ၅၉ ရုံ၊ တရားမဝင် အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိပြီး တစ်လလျှင် ကျားဖြန့်ရုံကြီး သိန်း၂၀၀၊ ရုံအသေး သိန်း ၆၀ မှ သိန်း ၁၀၀ ထိ လစဉ်လကုန်ပြီး ၅ ရက်အတွင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့များထံ ဆက်ကြေးငွေ ပေးရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့၁၅ ဖွဲ့ထက် မနည်းရှိပြီး မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ များပြားလွန်းသဖြင့် မကြာခဏ ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ ဖြစ်ပွားလျက်ရှိသည်။
#MeKongNews
#မူဆယ်
#တရားမဝင်
#ကျားဖြန့်တရုတ်
#စစ်ကောင်စီ








