မဲခေါင်၊ ဇွန် ၁၉
ယနေ့ ဇွန် ၁၉ ရက် တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် နှင်းဆီသပိတ်လှုပ်ရှားမှုကို အွန်လိုင်းမှ ပါဝင်ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့မှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူများထံမှ သိရသည်။
ယနေ့ ဇွန် ၁၉ ရက် နံနက် ၁ဝ နာရီတွင် လူမှုကွန်ရက် Tik Tok ၌ နွယ်နွယ် အမည်ဖြင့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံဖြင့် နှင်းဆီနီအား ကိုင်ဆောင်ကာ GZ တို့၏ တိုက်ပွဲခေါ်သံသီချင်းဖြင့် အများပြည်သူများအား စည်းရုံးနေသည်ကို ဆိုရှယ်မီဒီယာများအား စောင့်ကြည့်နေသည့် စစ်ကောင်စီက သွားရောက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်ဖမ်းဆီးခဲ့ရာ နယ်မြေ(၁)၊ ရပ် ကွက် (၂)၊ အေးသာယာမြို့နေသူ မနွယ် (ခ)နွယ်နွယ်၊ အသက် ၃၄ နှစ်ကို ၎င်းနေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းကိုင်ဆောင်သည့် REDMI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံးအား စစ်ဆေးခဲ့ရာ ယနေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် နှင်းဆီသပိတ် ပြုလုပ်ရန် လူမှုကွန်ရက် Tik Tok တွင် နွယ်နွယ်အကောင့်ဖြင့် ၎င်း၏ ရုပ်ပုံအား AI နည်းပညာဖြင့် ပြုပြင်၍ GZ တို့၏ တိုက်ပွဲခေါ်သံ သီချင်းဖြင့် တင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#MeKongNews
#ဒေါ်အောင်ဆန်းစုကြည်
#နှင်းဆီသပိတ်
#အမျိုးသမီး
#အဖမ်းခံရ








