မဲခေါင်၊ မေ ၁၃
ပအိုဝ်းရိုးရာယဉ်ကျေးမှု၏ အထင်ကရပွဲတစ်ခုဖြစ်သည့် မီးလုံးပွဲတွင် ယခုနှစ်၌ အမျိုးသမီးများ ဦးဆောင်ပါဝင်လာမှု သိသိသာသာ တိုးလာကြောင်း ပွဲစီစဉ်သူများနှင့် ဒေသခံများထံမှ သိရသည်။
ယခင်နှစ်များတွင် အမျိုးသမီးဦးဆောင်သည့် မီးလုံးပါဝင်မှု နည်းပါးခဲ့ပြီး မနှစ်ကပင် ၂ လုံးမှ ၃ လုံးခန့်သာ စာရင်းသွင်းခဲ့ကြောင်း သိရသည်။
သို့သော် ယခုနှစ်တွင် တောင်ကြီးမြို့နယ်၊ ပေါမူပွဲ၌အမျိုးသမီးများ ဦးဆောင်၍ စာရင်းသွင်းထားသည့် မီးလုံးအရေအတွက် ၁၀ လုံးကျော်အထိ ရှိလာသည်ဟု ဆိုသည်။
ယခင်ခေတ်များတွင် ပအိုဝ်းရိုးရာမီးလုံးပွဲကို အမျိုးသားများ အဓိက ဦးဆောင် ကျင်းပလေ့ရှိပြီး အမျိုးသမီးများမှာ တိုက်ရိုက် ပါဝင်ခွင့်မရဘဲ မိသားစုအတွင်းမှ အမျိုးသားများကို ဘေးကနေသာ ပံ့ပိုးကူညီပေးရသည့် အနေအထားရှိခဲ့သည်။
“အရင်တုန်းကတော့ မီးလုံးလုပ်တဲ့အပိုင်းမှာ အမျိုးသမီးတွေကို အဓိကမထားဘူး။ ကိုယ့်အိမ်က အမျိုးသားတွေကို ကူညီပေးရုံပဲရှိတယ်။ အခုလို ကိုယ်တိုင်ဦးဆောင်ပြီး ပါဝင်လာနိုင်တာ ဝမ်းသာစရာပါ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဒေသခံများကလည်း ယခုလို အမျိုးသမီးများ၏ ပါဝင်မှုတိုးလာခြင်းသည် ရိုးရာယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှု တိုးလာခြင်းသာမက လူမှုအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်မှု ပိုမိုဖော်ဆောင်လာသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း သုံးသပ်ကြသည်။
“မီးလုံးပွဲက ပအိုဝ်းရိုးရာအတွက် အရေးကြီးတဲ့ပွဲတစ်ခုပါ။ အခုအမျိုးသမီးတွေ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်လာတာက ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုလို့ မြင်ပါတယ်”ဟု ပွဲလာရောက်ကြည့်ရှုသူတစ်ဦးက ဆိုသည်။
ယခုနှစ် မီးလုံးပွဲတွင် အမျိုးသမီးဦးဆောင်သည့် မီးလုံးများ ပိုမိုများပြားလာခြင်းကြောင့် ပအိုဝ်းရိုးရာယဉ်ကျေးမှုအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍ တဖြည်းဖြည်း ကျယ်ပြန့်လာနေကြောင်း တွေ့ရသည်။
မီးလုံးပွဲ(ခေါ်) ဒုံးလွှတ်ပွဲသည် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊.ဟိုပုံး၊ ညောင်ရွှေမြို့နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့တွင် စည်စည်ကားကား ကျင်းပသည့် ပွဲဖြစ်သည်။
#MeKongNews
#ပအိုဝ်း
#ရိုးရာမီးလုံးပွဲ
#အမျိုးသမီး
#ဦးဆောင်
ဓာတ်ပုံ -ပုံဟောင်း








