မဲခေါင်၊ ဧပြီ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့သစ်တွင်လူမှုရေးအသင်းဝင်ကြေးအဖြစ် တစ်အိမ်ထောင်လျှင် တစ်လ ကျပ် ၂ ထောင် မဖြစ်မနေ ကောက်ခံနေပြီး၊ မထည့်ပါက ရုံးထောက်ခံချက် မပေးဟု အကွက်ကြီး (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုတူက ရပ်ကွက်နေပြည်သူများကို ခြိမ်းခြောက်နေကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်မှစတင်ကာ ရပ်ကွက်နေပြည်သူများကို အစည်းအဝေး ခေါ်ယူပြီး လူမှုရေးအသင်းဖွဲ့ရန်နှင့် အသင်းဝင်ကြေးအဖြစ် တစ်လ ငွေကျပ် ၂ ထောင် ပေးသွင်းရန် သတ်မှတ်ခဲ့သည်။
အသင်းဝင်ထားသူများ မိသားစုဝင်သေဆုံးပါက ငွေကျပ် ၅ သိန်း ထောက်ပံ့မည် ဟုဆိုကာ ယခင်က ရပ်ကွက်အတွင်း လူသေဆုံးမှ စုပေါင်းထည့်ဝင်သည့် စည်းကြေးစနစ်ကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
“တကယ်လည်း သေဆုံးသူရှိရင် ၅ သိန်း ထောက်ပံ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အခု ၂၀၂၆ ခုနှစ်မှာ ရန်ပုံငွေညမလုံလောက်ဘူးဆိုပြီး ၁၀၀၀ ထပ်တိုးကာ ၃၀၀၀ ကောက်လာတာပါ။ အရင်က လူသေမှ စုထည့်ရတာ ဖြစ်ပေမဲ့ အခုက လစဉ်ပေးနေရတော့ လက်လုပ်လက်စားတွေအတွက် အခက်တွေ့လာတယ်။ ရာအိမ်မှူးတွေ လာကောက်တဲ့အခါ ဆဲဆိုငေါက်ငန်းတာတွေရှိသလို ကောက်ခံရငွေတွေကိုလည်း ရာအိမ်မှူးအချို့က အကုန်မအပ်ဘဲ ခိုးယူနေကြတာတွေကို အသင်းလူကြီးအချင်းချင်း စကားများကြလို့ သိရတယ်။ ဒါကြောင့် ပြည်သူတွေက မထည့်ချင်ကြတော့တာပါ။ မထည့်ရင်လည်း ထောက်ခံစာ မပေးဘူးဆိုပြီး အကျပ်ကိုင်ခြိမ်းခြောက်ခံနေရပါတယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ရပ်ကွက်နေ ပြည်သူများအနေဖြင့် ယခင်ကကဲ့သို့ လူသေဆုံးမှသာ စည်းကြေး ကောက်ခံသည့်စနစ်ကို ပြန်လည် ကျင့်သုံးစေလိုကြပြီး၊ ပြည်သူ့ငွေကို ခေါင်းစဉ်အမျိုးမျိုးပြကာ ခိုးယူနေမှုများကို တိုင်ကြားရန်နေရာမရှိ ဖြစ်နေကြသည်။
ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးပေးရန် ရပ်ကွက်ပြည်သူများက လိုလားနေကြကြောင်း သိရသည်။
#MeKongNews
#လူမှုရေးအသင်းရန်ပုံငွေ
#ထောက်ခံစာ
#အေးသာယာ
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ခြိမ်းခြောက်








