မဲခေါင် ၊ ဧပြီ ၂၂
ကျားဖြန့်ငွေလိမ်ဂိုဏ်းသမားများ အပါအဝင် တရုတ်နိုင်ငံသား ၉ ဦးကို “ဝ”တပ်ဖွဲ့ – UWSA က ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။
“ဝ”တပ်ဖွဲ့က ဖမ်းဆီးပြီး နယ်စပ်ဂိတ်မှတဆင့် တရုတ်သို့ လွဲပေးလိုက်သည့် ပြစ်မှုကျူးလွန်သူ ၉ ဦးတွင် ၇ ဦးသည် တရုတ်ကျားဖြန့်များဖြစ်ပြီး ၂ ဦးသည် အခြားပြစ်မှုများနှင့် ဆက်စပ်သူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဝ”တပ်က ဖမ်းဆီးရမိသည့် တရုတ်ကျားဖြန့် ၇ ဦးကို နမ့်တစ်မြို့ရှိ မြန်မာ – တရုတ်နယ်စပ်ဂိတ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီး အခြားအမှုနှင့် ဆက်စပ်သူ ၂ ဦးကိုမူ ပန်းဆန်းမြို့ရှိ နယ်စပ်ဂိတ်မှ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ လွှဲပြောင်းမှုများသည် တရုတ်နိုင်ငံနှင့် “ဝ” ပြည် တရားစီရင်ရေးကော်မတီတို့အကြား သတင်းအချက်အလက် မျှဝေမှုနှင့် တရားရေး ပူးတွဲဆောင်ရွက်မှု အကောင်အထည်ဖော်သည့်စနစ်ကို ပိုမို ခိုင်မာစေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ ၉ ဦးကို တရုတ်နိုင်ငံက ဖမ်းဆီးပေးရန် အကူအညီတောင်းခံမှုနှင့် လျှို့ဝှက်ရရှိသည့် သတင်းအချက်အလက်များအပေါ် မူတည်ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း “ဝ” တပ်ဖွဲ့က ဆိုသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် နယ်မြေအတွင်း ကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းကို အထူးစီမံချက်ဖြင့် ဆောင်ရွက်နေရာ “သုည သည်းခံမှု” မူဝါဒဖြင့် ထိထိရောက်ရောက် ဖမ်းဆီးနေသည်ဟုလည်း ဖော်ပြထားသည်။
#MeKongNews
#ကျားဖြန့်များ
#ပြစ်မှုကျုးလွန်သူ
#တရုတ်
#“ဝ”တပ်ဖွဲ့
#ဖမ်းဆီး








