မဲခေါင်၊ ဧပြီ ၁၉
တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၁၈ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် သစ်ပင်များကျိုးကျကာ လမ်းများပိတ်ဆို့ခြင်းနှင့် နေအိမ်သွပ်မိုးများ လွင့်စင်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် မိုးသက်လေပြင်း ကျရောက်ခဲ့ခြင်းကြောင့် မြို့ပေါ်နေရာအချို့ရှိ ဆိုင်းဘုတ်များ လဲကျခြင်း၊ အင်တာနက်ဝိုင်ဖိုင်ကြိုးများ ပြတ်ကျခြင်း၊ လမ်းဘေးဈေးဆိုင်ခန်းများနှင့် ပစ္စည်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မိုးရွာသွန်းစဉ်အတွင်း ရပ်ကွက်အချို့ရှိ လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားခဲ့သည်။
ပျက်စီးမှုအခြေအနေများအနေဖြင့် တာချီလိတ်မြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးတွင် ဓာတ်တိုင်လဲကျခြင်း၊ စိန်ဂျူးစ်ဘုရားကျောင်းအနီးနှင့် ဂေါက်ကွင်းအနီးတို့တွင် သစ်ပင်များ လဲကျခြင်း၊ ပါလျံရပ်ကွက်အတွင်းရှိ သစ်ပင်များ ကျိုးကျခြင်းများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ရွှေတိဂုံစေတီကုန်းအဆင်းရှိ ဆောက်လုပ်ဆဲတိုက်မှ ငြမ်းများ လွင့်စင်ကျလာသဖြင့် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်စဉ်အတွင်း မိုးသီးများလည်း ကြွေကျခဲ့ပြီး မိုးသည်းထန်မှုကြောင့် လမ်းမများပေါ်တွင် ရေများ တင်ကျန်ခဲ့သည်။
“လူထိခိုက်တာတော့ မကြားရသေးဘူး။ လေက တအားပြင်းတော့ ဆိုင်းဘုတ်တွေ၊ အိမ်အမိုးတွေတော့ လေနဲ့ တော်တော်ပါကုန်ကြတယ်။ လမ်းတွေပေါ်မှာလည်း ရေလျှံတယ်။ လာမယ့်မိုးတွင်းမှာ ဒီထက်ဆိုးရင်တော့ မလွယ်ဘူး” ဟု မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
တာချီလိတ်မြို့တွင် ယမန်နှစ်က ရေကြီးရေလျှံမှု ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လူ ၂ ဦး အသက်ဆုံးပါးခဲ့ကာ နေအိမ်နှင့် လူသုံးကုန်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆိုးကျိုးများကို ဒေသခံများ ခံစားခဲ့ကြရကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#လေပြင်းတိုက်
#သစ်ပင်ကျိုး
#ရွှေတိဂုံဘုရားလမ်း








