မဲခေါင်၊ ဧပြီ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်မြို့ရှိ နောင်မွန်ပြည်သူ့စစ်အဖွဲ့မှ ဒုခေါင်းဆောင် ဦးစိုင်းထွန်းအောင်သည် ဧပြီ ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးစိုင်းထွန်းအောင်သည် ဆီးချိုရောဂါကို ကြာရှည်စွာ ခံစားနေရသူဖြစ်ပြီး ကျန်းမာရေးအခြေအနေ မကောင်းသဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။
၎င်း၏ နာရေးအခမ်းအနားကို ဧပြီ ၁၃ ရက်တွင် နောင်မွန်မြို့၌ ပြုလုပ်ခဲ့ပြီး ဒေသခံများနှင့် ဆက်စပ်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“သူက နောင်မွန်ပြည်သူ့စစ်ထဲမှာ အရေးပါတဲ့ လူတစ်ယောက်ပါ၊ ကျန်းမာရေး မကောင်းတာ ကြာပြီ။ အခုကွယ်လွယ်ချိန်မှာ အသက် ၅၃ ရှိပါပြီ ”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
နောင်မွန်ပြည်သူ့စစ်အဖွဲ့သည် ရှမ်းပြည်တောင်ပိုင်းဒေသတွင် လှုပ်ရှားနေသော ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်ပြီး ယခင်ကတည်းက စစ်အစိုးရနှင့် ဆက်နွှယ်မှုရှိခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့သည် ဒေသအတွင်း လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး နောင်မွန်ဒေသခံများအပေါ် သြဇာလွှမ်းသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
နောင်မွန်ပြည်သူ့စစ်သည် ဆီဆိုင်နှင့် နီးစပ်သော ကျေးရွာများတွင် အခြေစိုက် လှုပ်ရှားနေပြီး အဖွဲ့ဝင်များသည် ဒေသခံများမှ စုဆောင်းထားခြင်းဖြစ်ကာအချို့က စိုက်ပျိုးရေးနှင့် အခြားအလုပ်များကို လုပ်ကိုင်နေကြသော်လည်း လိုအပ်သည့် အချိန်တွင်သာ စစ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ကြသည်။
#MeKongNews
#နောင်မွန်ပြည်သူ့စစ်
#ဒုခေါင်းဆောင်
#ဦးစိုင်းထွန်းအောင်
#ကွယ်လွန်








