မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့တွင် ယမန်နေ့က ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၁၀ ရက် နံနက် ၃ နာရီကျော်က ဝေါ်ခုတ် ရပ်ကွက်ဘက်သို့ ဆိုင်ကယ်စီးလာသူတစ်ဦးကို ဓားဖြင့်ခုတ်ပြီး လုယက်ခဲ့ခြင်း ဖြစ်သည်။
“ဆိုင်ကယ်ရော ဖုန်းနဲ့ ပိုက်ဆံအိတ်ပါ အလုခံရတာကို လူကိုပါ အသေခုတ်တဲ့ သဘောပဲ။ လည်ပင်းကို ခုတ်တာ”ဟု အလုခံရသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဓားဖြင့်ခုတ်လုယက်ခံရသူမှာ ကျိုင်းတုံဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိနေသည်။
မကြာသေးခင် ဧပြီ ၅ ရက်ကလည်း ကျိုင်းတုံမြို့ ရဲစခန်းအနီးတွင် နေ့ခင်းကြောင်တောင် ပိုက်ဆံအိတ် အကြမ်းဖက်လုယူမှု ဖြစ်ပွားခဲ့သေးရာ အလုခံရသူမှာ ပိုက်ဆံအိတ် ပါသွားသည့်အပြင် ညာခြေဖမိုး၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ရှိခဲ့သေးသည်။
“ကျိုင်းတုံမှာ ဆိုင်ကယ်သူခိုး မဟုတ်တော့ဘူး၊ ဓားနဲ့ခုတ်ပြီးလုယူအဆင့် ရှိနေပြီ။ ရှမ်းရှေ့မြို့တော်ဖြစ်ပြီး ဒီလိုဖြစ်နေတာကို မဖြေရှင်းနိုင်တာ လူကြီးမင်းများ ရှက်သင့်ပါတယ်၊ဆိုးဆိုးဝါးဝါးဖြစ်နေပါပြီ။ ညရောက်ပြီဆိုရင် အိမ်ပြင်တောင် မထွက်ရဲတော့ဘူး၊ ပြည်သူတွေဒီလိုခံနေရတာ ဒီတိုင်းပဲ ကြည့်နေတော့မှာလားဗျ၊ တခုခုတော့ လုပ်သင့်ပြီလို့တော့ ထင်ပါတယ်။ ကျိုင်းတုံက လူကြီးမင်းများ”ဟု ကျိုင်းတုံဒေသခံတစ်ဦးက ဝေဖန်သည်။
ထိုသို့ သာမန် လုယက်မှုသာမက အသက်ကိုပါထိခိုက်လာစေသည့် ဖြစ်ပွားမှုများကြောင့် ပြည်သူများအနေဖြင့် သွားလာရာတွင် သတိပြုရန် လိုအပ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားလျက်ရှိသည်။
ကျိုင်းတုံ မြို့သည် ရှမ်းအရှေ့မြို့တော်ဖြစ်သလို တြိဂံတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အပြင် ပြည်နယ်ခွဲအုပ်ချုပ်ရေး အဆင့်အထိရှိ မြို့ကြီးဖြစ်သော်လည်း ရာဇဝတ်မှုများကိုမူ ထိရောက်စွာ နှိမ်နင်းနိုင်စွမ်း မရှိသည့် မြို့ကြီးအဖြစ် အများပြည်သူ ထိတ်လန့်စိုးရိမ်စွာ နေထိုင်နေရသည်ဟု ဒေသခံပြည်သူများက ဝေဖန်နေကြသည်။
#MeKongNews
#ကျိုင်းတုံ
#ဓားဖြင့်ခုတ်
#ဆိုင်ကယ်
#လုယက်








