မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတဦးကို ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေချမှတ်လိုက်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA က သတင်းထုတ်ပြန်သည်။
နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့် ယင်းအမှုကို TNLA တရားစီရင်ရေးဌာနမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ တရားစီရင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရားခံဖြစ်သူ အသက် ၂၄ နှစ်အရွယ် မိုင်းကျော်ဌေးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သဖြင့် TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို မတ် ၂၇ ရက်၊ မတ် ၃၀ ရက်နှင့် ဧပြီ ၃ ရက်တို့တွင် PSLF/TNLA တရားရုံး၌ နောက်ဆုံးရုံးချိန်းအဖြစ် စစ်ဆေးကာ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အပြင်၊ ဒဏ်ငွေပါ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသဖြင့် သံသယရှိပါက ချက်ချင်းအသိပေး တိုင်ကြားကြရန်လည်း TNLA က တိုက်တွန်းထားသည်။
#MeKongNews
#သက်ငယ်မုဒိမ်းမှု
#ကျူးလွန်
#TNLA
#ထောင်ဒဏ်








