မဲခေါင်၊ ဧပြီ ၆
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အရှေ့အလယ်ပိုင်းအခြေအနေ လျော့ပါးလာစေရေး ကြိုးပမ်းမှုများလုပ်ရန် တရုတ်က စိတ်အားထက်သန်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့အား ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ပြောကြားသည်။
ဟောမုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု ကိစ္စများကို ဖြေရှင်းရာတွင် အခြေခံကျသော နည်းလမ်းမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲမှု ရရှိရန် ဖြစ်သည်ဟု ဝမ်ယီက ပြောသည်။
ဟောမုဇ်ရေလက်ကြားနှင့် အနီးတဝိုက်တွင် ကုန်သွယ်ရေကြောင်း သွားလာမှုများကို ကာကွယ်ရေးနှင့်ပတ်သက်၍ ဘာရိန်း၏ အဆိုပြုချက်ကို လာမည့် သီတင်းပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မဲခွဲမှု မတိုင်မီ နိုင်ငံခြားရေးဝန်ကြီး၂ ဦး၏ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနေဖြင့် တရုတ်နှင့် ရုရှား သည် ဓမ္မဓိဌာန်ကျပြီး မျှတသော ချဉ်းကပ်မှုကို ကျင့်သုံး၍ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ နားလည်ထောက်ခံမှု ရရှိရန် ကြိုးစားသင့်သည်ဟု ဝမ်ယီက လက်ဗ်ရော့ အား ပြောကြားခဲ့ကြောင်း ၎င်း၏ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လျင်မြန်သော အပစ်အခတ်ရပ်စဲမှု ရရှိရေးနှင့် နိုင်ငံရေး – သံတမန်ရေး ဆွေးနွေးမှုကို စတင်ရန် နည်းလမ်းများကို ဝန်ကြီး ၂ ဦးက ဆွေးနွေးခဲ့ကြသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ရန်လိုမှုနှင့် ဆက်စပ်သော အီရန်အခြေအနေ အပါအဝင် ကမ္ဘာ့ရေးရာ အများစုတွင် ရုရှားနှင့် တရုတ်တို့၏ ချဉ်းကပ်ပုံများ၌ တိုက်ဆိုင်မှု ရှိနေကြောင်း စိတ်ကျေနပ်မှုကို ဖော်ပြခဲ့ကြကြောင်း ရုရှားတို့ ထုတ်ပြန်ချက်က ဆက်ပြောသည်။
ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးကို တရုတ်က အထပ်ထပ် တိုက်တွန်းပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အရှေ့အလယ်ပိုင်း
#တင်းမာမှု
#ရုရှား
#တရုတ်








