မဲခေါင်၊ ဧပြီ ၆
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ရှိသည့် တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်များကို ၂ ရက်ဆက်တိုက် သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဧပြီ ၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့သည် တန့်ယန်းမြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာရှိ ကောင်းဆန်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၂၁ ဦးတို့ ပါဝင်သည့် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းဆီးမိခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဖမ်းဆီးမှုအတွင်း တရုတ်ကျားဖြန့်ဂိုဏ်းများ နေထိုင်အသုံးပြုသည့် အိပ်ဆောင် ၃ လုံး၊ အလုပ်ရုံ ၂ လုံး၊ စားသောက်ခန်းတစ်လုံး၊ မီးဖိုဆောင် ၂ လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၅ လုံးနှင့် ကျားဖြန့်လုပ်ငန်းတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၂ လုံး၊ Desktop ကွန်ပျူတာ ၁ စုံ၊ Laptop ၂၁ လုံး၊ ဖုန်းမျိုးစုံ ၁၁၈ လုံး၊ Starlink ၁၆ ခု၊ Wireless Router ၁၃ လုံး၊ မီးစက် ၂ လုံး တို့ကို သိမ်းဆည်းမိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့အတူ ယမန်နေ့ ဧပြီ ၅ ရက်တွင်လည်း ယင်းကောင်းဆန်ကျေးရွာအနီးတွင်ပင် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် တရုတ်အမျိုးသား ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဧပြီ ၄ ရက်တွင်ပင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင်လည်း တရုတ်ကျားဖြန့်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ ကျားဖြန့်သမား တရုတ်နိုင်ငံသား ၇ ဦးအား ဖုန်းမျိုးစုံ ၃၆ လုံး၊ ကွန်ပျူတာ ၂၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းတရုတ်ကျားဖြန့်များကို ဖမ်းဆီးရမိသည့် နေရာများသည် စစ်ကောင်စီတပ်ဖွဲ့က စိုးမိုးထားသည့် နေရာများသာဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“တန့်ယန်းမှာ ဖမ်းတဲ့နေရာကလည်း စစ်ကောင်စီက အဓိက စိုးမိုးထားတဲ့ နေရာပါပဲ၊ ကျန်တဲ့နေရာတွေလည်း အများကြီးရှိသေးတယ်။ သူတို့ မဖမ်းသေးတာပဲ ရှိတယ်” ဟု တန့်ယန်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။
မူဆယ်မြို့သည် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားပြီး တန့်ယန်းမြို့နယ်တွင် “ဝ”တပ်ဖွဲ့ – UWSA၊ ရှမ်းတပ်ဖွဲ့ – SSPP၊ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့ လှုပ်ရှားလျက်ရှိသည်။
ယင်းအွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။
#MeKongNews
#ရှမ်းမြောက်တွင်
#တရုတ်ကျားဖြန့်
#ဖမ်းမိ
#တန့်ယန်း








