မဲခေါင်၊ မတ် ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဒေသခံ ၆ ဦးအနက် ၂ ဦးမှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၁၀ ရက်တွင် ပုံဝိုးကျေးရွာအနီး၌ စစ်ကောင်စီနှင့် SSPP တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ပုံဝိုးကျေးရွာ ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားခဲ့သည်။
ဖမ်းသွားသည့် ဒေသခံများအနက် မတ် ၁၇ ရက်တွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၂ ဦးကိုမူ ကျောက်မဲရဲစခန်းတွင် ဆက်လက်ဖမ်းထားနေဆဲဖြစ်သည်။
“အဖမ်းခံရတဲ့ထဲ ၂ ဦးကိုတော့ အခုထိ မလွှတ်သေးဘူး။ ၄ ယောက်က လွတ်လာပြီး ၂ ယောက်က ကျန်နေသေးတော့ ရွာသားတွေက စိုးရိမ်နေကြတာပေါ့။ အခု ပုံဝိုးရွာထဲမှာ စစ်တပ်က ဝင်ရောက်တပ်စွဲနေတော့ ဒေသခံတွေလည်း အပြင်မထွက်ရဲဘူး၊ ကျောက်မဲထိလည်း ဒေသခံတွေက လိုက်မသွားရဲဘူး” ဟု SSPP နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မတ် ၁၀ ရက်တွင် SSPP နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်သည် ပုံဝိုးကျေးရွာ ဒေသခံများကို ဘုန်းကြီးကျောင်း၌ စုဝေးစေပြီးနောက် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ လုယက်မှုလည်း ပြုလုပ်ခဲ့သည်။
ထို့ပြင် ဒေသခံများကို ရိုက်နှက်စစ်ဆေးခြင်းအပြင် ဓားဖြင့် ကျောပြင်ကို လှီးကာ နှိပ်စက်မှုလည်း ပြုလုပ်ခဲ့သည်ဟု SSPP က သတင်းထုတ်ပြန်ထားသည်။
#MeKongNews
#စစ်ကောင်စီ
#ဖမ်းဆီး
#ပုံဝိုးဒေသခံ
#ပြန်မလွတ်








