မဲခေါင်၊ မတ် ၉
စက်သုံးဆီရှားပါးပြီး ဈေးနှုန်းမြင့်တက်လာမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်အချို့တွင် ခရီးသည်တင် ယာဉ်စီးခများ ဈေးတက်လာပြီး စီးနင်းသူနည်းပါးလာကြောင်း ကားဂိတ်များထံမှ သိရသည်။
တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့များမှ ပြေးဆွဲနေသည့် မော်တော်ယာဉ်များသည် စက်သုံးဆီဝယ်ယူရမှု ခက်ခဲလာခြင်းနှင့် အပြင်ဈေးဖြင့် ဝယ်ယူနေရခြင်းတို့ကြောင့် ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံလာရခြင်း ဖြစ်သည်။
“ဆီဆိုင်တွေက လိုသလောက် ဝယ်လို့မရဘူး။ အပြင်ဈေးနဲ့ ဝယ်ထည့်နေရတာဆိုတော့ ကားခမတက်လို့ မရတော့ဘူး။ ဒါတောင် လူအပြည့်ရမှ ကိုက်တာ၊ လူမပြည့်ရင် ရှုံးပြီ။ အခုက ဈေးတက်သွားတော့ စီးမယ့်သူလည်း အရမ်းနည်းသွားတယ်” ဟု ယာဉ်ဂိတ်မှူးတစ်ဦးက မဲခေါင်သို့ ပြောသည်။
တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲသည့် ယာဉ်စီးခမှာ ယခင်က ထိုင်းဘတ်ငွေ ၂၆၀ သာ ရှိရာမှ မတ်လ ၇ ရက်မှစ၍ ဘတ် ၃၆၀ အထိ မြင့်တက်လာသည်။ ထို့အတူ တာချီလိတ်-မိုင်းတုံ ကားခမှာလည်း ယခင်က ဘတ် ၆၀၀ မှ ယခုအခါ ဘတ် ၁,၂၀၀ အထိ နှစ်ဆ မြင့်တက်သွားကြောင်း သိရသည်။
မိုင်းဆတ်-တောင်ကြီး လမ်းကြောင်းတွင်လည်း ယခင်က ရှေ့ခန်း ကျပ်တစ်သိန်း၊ နောက်ခန်း ၈ သောင်းခွဲသာ ရှိခဲ့သော်လည်း ယခုအခါ မည်သည့်ထိုင်ခုံမှစီးစီး တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေကြောင်း၊ Probox ကားငယ်များမှာလည်း ခရီးသည် ၅ ဦးပြည့်မှသာ ပြေးဆွဲနိုင်သည့် အခြေအနေဖြစ်နေကြောင်း ကားသမားများက ဆိုသည်။
“ဆီက ထိုင်းဘက်က ဝင်တော့ဝင်တယ်၊ ဒါပေမဲ့ လိုသလောက်မရဘူး။ ဆီဆိုင်မှာ တစ်လီတာ ၃၇ ဘတ်ဆိုပေမယ့် နည်းနည်းပဲ ရောင်းပေးတာ။ အပြင်ဈေးက ဘတ် ၁၀၀ အထိ ပေးဝယ်နေရတော့ ယာဉ်စီးခ တက်ရတာပါ” ဟု ဂိတ်မှူးတစ်ဦးက ရှင်းပြသည်။
စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃,၅၀၀ မှ ယခုအခါ ကျပ် ၇,၀၀၀ ခန့်အထိ နှစ်ဆနီးပါး မြင့်တက်လာပြီး လိုသလောက် ဝယ်ယူ၍မရသည့် အခြေအနေဖြစ်နေသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲကာလ တစ်ပတ်ကျော်လာသည်နှင့်အမျှ ထိုင်းနိုင်ငံဘက်မှ ဆီအဝင်နည်းပါးလာမှုက ကုန်းလမ်းပို့ဆောင်ရေးကို တိုက်ရိုက်ထိခိုက်လာနေပြီး ယင်းမှတစ်ဆင့် အခြေခံကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။
#MeKongNews
#စက်သုံးဆီ
#ရှမ်းအရှေ့
#ယာဉ်စီးခ
#ကုန်ဈေးနှုန်း








