မဲခေါင်၊ မတ် ၄
တာချီလိတ်မြို့၊ ဝမ်မိုင် ၄ လမ်းရှိ ခြံဝန်းကျယ်ကြီးအတွင်း အခြေစိုက်ခဲ့သည့် “AK 47” အမည်ရ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ဂိုဏ်းသည် လက်ရှိတွင် အဖမ်းအဆီးများကြောင့် ဝန်ထမ်းများကို နေအိမ်များတွင်သာ ခွဲ၍ အလုပ်လုပ်ခိုင်းနေပြီး ထိုင်းနှင့် မလေးရှားနိုင်ငံများကို ပစ်မှတ်ထားကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ယင်းဂိုဏ်းတွင် AK 47 ဂိမ်းဆိုဒ်အပြင် အခြားသော အွန်လိုင်းလောင်းကစား ဆိုဒ်ပေါင်း ၁၀ ခုကျော်ရှိပြီး၊ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား မန်နေဂျာအချို့က ဦးစီးကာ မြန်မာအလုပ်သမား ၅၀ ကျော်ကို အသုံးပြု၍ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် Facebook ADS (ကြော်ငြာ) များကို အဓိကအသုံးပြု၍ ထိုင်းနှင့် မလေးရှားနိုင်ငံသားများထံမှ လစဉ် ဘတ်ငွေသန်းနှင့်ချီကာ လိမ်လည်စားသောက်နေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“သူတို့က ဂိမ်းဆိုဒ်တွေ အများကြီးပဲ။ အခုက အဖမ်းအဆီးတွေ ရှိနေတော့ ရုံးမှာမလုပ်တော့ဘဲ အိမ်တွေမှာ ခွဲလုပ်ခိုင်းတာ။ Facebook ကနေ ကြော်ငြာတွေ အကြီးအကျယ်ပစ်ပြီး ထိုင်းနဲ့ မလေးရှားဘက်ကို အဓိက ထိုးဖောက်နေတာ။ ဝန်ထမ်းတွေကိုလည်း ကြော်ငြာဗီဒီယိုတွေမှာ မဖြစ်မနေ ပါဝင်ရိုက်ကူးခိုင်းပြီးတော့ လုပ်ငန်းချဲ့ထွင်နေကြတာ” ဟု လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းလုပ်ငန်းကို ထိုင်းအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ပါတနာဖြစ်သူ မန်နေဂျာတို့က အဓိက ကြိုးကိုင်နေခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့ပေါ်ရှိ အာဏာပိုင်များ၏ စစ်ဆေးမှုများကို ရှောင်ကွင်းနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။
ထို့ပြင် ၎င်းတို့သည် ဝန်ထမ်းများ၏ လစာငွေနှင့် အာမခံကြေးများကိုလည်း ငွေလဲလှယ်နှုန်း မမှန်မကန်ဖြင့် ခေါင်းပုံဖြတ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းများပါ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#တာချီလိတ်
#အွန်လိုင်းလောင်းကစား
#ဝမ်မိုင်
#ထိုင်းနိုင်ငံသား








