မဲခေါင် ၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS က စတုတ္ထအကြိမ်မြောက် ကွန်ကရက်အစည်းအဝေးကျင်းပပြီး ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ကြောင်း ယင်းအဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
RCSS ၏ ၄ ကြိမ်မြောက် ကွန်ကရက်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဌာနာချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကာ ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးယွက်ဆစ်အား ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပြီး အကြံပေးအဖွဲ့ဝင် ၂ ဦး၊ ပေါ်လစီကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဌာနအသီးသီး၏ ဌာနမှူးများကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် RCSSက ကမကထပြုပြီး ကျင်းပခဲ့သည့် ရှမ်းပြည်ပထမအကြိမ်အမျိုးသားညီလာခံမှ အတည်ပြုခဲ့သော ရှမ်းပြည်ဖက်ဒရယ်အခြေခံမူ ၃၃ ချက်၊ အခြေခံအခွင့်အရေး ၃၈ ချက်တို့အား ထောက်ခံအကောင်အထည်ရန် ဆောင်ရွက်သွားမည်ဟုလည်း RCSS၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဆက်လက်ပြီး RCSS အနေဖြင့် နိုင်ငံရေးပြဿနာများအား ဆွေးနွေးခြင်း နည်းလမ်းဖြင့် အခြားအဖွဲ့အစည်းများ အဖက်ဖက်နှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဆိုသည်။
တိုင်းပြည်အတွင်း ယခုကဲ့သို့ နိုင်ငံရေးအရှုပ်အထွေးများ အကျပ်အတည်းများ ထပ်မံပေါ်ပေါက်လာခဲ့ခြင်းသည် စစ်ကောင်စီက အာဏာသိမ်းခြင်းကြောင့်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းအမျိုးသားနေ့တွင် ပြောဆိုထားသည်။
ယခုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အွမ်ခေး ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
#MeKongNews
#ဗိုလ်ချုပ်ကြီးယွက်ဆစ်
#RCSS
#ကွန်ကရက်အစည်းအဝေး
#ဖက်ဒရယ်








