~ လင်းမောင် ~
တရုတ်နိုင်ငံ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များသည် တပ်တွင်းစည်းကမ်းပိုင်းတင်းကျပ်မှုများ အမြန်ဆုံးအပူတပြင်း ပြင်ဆင်လုပ်ဆောင်နေကြရာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဆင့်အမြင့်ဆုံး ခေါင်းဆောင်များအကြား ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ရည်မှတ်တိုးသထက် တိုးလာနေသည်။
PLA ကို ထိန်းချုပ်သည့် ဗဟိုစစ်ရေးကော်မရှင် (CMC) သည် တရုတ်ကွန်မြူနစ်ပါတီမှ ကြီးမှူးသော စည်းကမ်းထိန်းသိမ်းရေး၊ စည်းမျဉ်းများပြန်လည်ပြင်ဆင်ရန်စေခိုင်းမှုကို လက်နက်ကိုင်တပ်များ အတွင်း ပြင်ဆင်ကျင့်သုံးရန် အတည်ပြုပေးလိုက်ပြီဖြစ်သည်။ တရုတ်စစ်တပ်တရားဝင်သတင်းစာ PLA Daily တွင် မတ် ၁ ရက်မှ စတင်ပြီး တင်းကျပ်ပြင်ဆင်လိုက်သည့် စစ်စည်းမျဉ်းစည်းကမ်းသစ်များ အကျုံးဝင်မည်ဖြစ်သည်ဟုဖော်ပြထားသည်။
CMC ဒုတိယဥက္ကဋ္ဌ Zhang Youxia သည် CMC ၏ ပူးတွဲစစ်ဦးစီးဌာန အကြီးအကဲ Liu Zhenli နှင့်အတူ အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း ကြေညာပြီး နှစ်ပတ်အကြာတွင် ယခုလိုပြင်ဆင်မှုများ အချိန်ကိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။ ထိုစစ်ခေါင်းဆောင် ၂ ဦးအမှုသည် နှစ်ပေါင်းများစွာအတွင်း တရုတ်စစ်ဘက်ခေါင်းဆောင်မှုကဏ္ဍ၌ အဆိုးရွားဆုံး အပြောင်းအလဲကြီး ဖြစ်လာသည်။
ပြန်လည်ပြင်ဆင်ထားသော စစ်စည်းကမ်းများ၏ ရည်ရွယ်ချက်မှာ “အဓိကကျသော စိုးရိမ်ဖွယ်ရာများ ကို တက်ကြွစွာတုံ့ပြန်ဖြေရှင်းရန်” စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပေါ်ပေါက်လာစေသည့် အကြောင်း တရားဖြစ်သည်ဟု PLA နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ အစီရင်ခံစာတွင် ဖြေရှင်းနေသည့် သီးခြားလစ်ဟာချက်များကို မဖော်ပြထားသော်လည်း ပြောင်းလဲမှုများသည် လုပ်ထုံးလုပ်နည်းများကို စံသတ်မှတ်ရန်၊ အခွင့်အာဏာကို ရှင်းလင်းစေရန်နှင့် အာဏာကို ပိုမိုတင်းကျပ်စွာ စစ်ဆေးရန် ရည်ရွယ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ “ပြင်ဆင်ချက်သည် ပိုမိုတင်းကျပ်သော စံနှုန်းများနှင့် စည်းမျဉ်းများကို ချမှတ်ပေးပြီး၊ တာဝန်ဝတ္တရားများနှင့် အခွင့်အာဏာကို တင်းကြပ်စွာ သတ်မှတ်ပေးခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများကို တိုးတက်ကောင်းမွန်စေခြင်းနှင့် အာဏာအပေါ် စစ်ဆေးမှုများနှင့် ချိန်ခွင်လျှာညှိမှုများကို အားကောင်းစေခြင်းတို့အား ပြုလုပ်ပေးသည်” ဟု PLA နေ့စဉ်သတင်းစာက ဖော်ပြထားသည်။
စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းမှ ရှေ့တွင်ရခဲ့သည့် သင်ခန်းစာများကို ပေါင်းစည်းကာ updated လုပ်ထားသော မူဘောင်သစ် “ခေတ်သစ်” တစ်ခုဟု အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။ ထိုနည်းနိဿရသည် ၂၀၁၂ ခုနှစ်မှစတင်ပြီး သမ္မတရာထူးရရှိပြီးနောက် ရှီကျင့်ဖျင် မကြာခဏရေလဲ သုံးနှုန်းပြောဆိုခဲ့သော စကားအတိုင်းသာဖြစ်သည်။ စည်းမျဉ်းသစ်များတွင် အခန်းကြီး ၅ ခန်းနှင့် ပုဒ်မ ၃၂ ခုပါဝင်ပြီး ပါတီပိတ်ဆို့မှုများကို ပိုမိုတိကျစွာအသုံးချခြင်းနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများအတွက် ပိုမိုရှင်းလင်းသောခွင့်ပြုချက်ယန္တရားများကို အလေးပေးဖော်ပြထားသည်။
လေ့လာသုံးသပ်သူများက စစ်စည်းမျဉ်းစည်းကမ်းများပြောင်းလဲပြင်ဆင်မှုသည် အကျင့်ပျက်ခြစားမှု များကို တိုက်ရိုက်တုံ့ပြန်မှုလည်းဖြစ် နောက်ဆုံး စစ်တပ်၏ ထိပ်တန်းရာထူးများကိုပါ လွှမ်းခြုံထိန်းချုပ် လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ စုံစမ်းစစ်ဆေးသူများသည် အကြီးတန်းအဆင့် ရာထူးရှိသူများ ၏အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးနေချိန်တွင် ထိုကိစ္စရပ်များကြောင့် ပေါ်ပေါက်လာသော အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များကို အမြန်ဆုံးဖြေရှင်းရန် ခေါင်းဆောင်ပိုင်း(ရှီကျင့်ဖျင်)က စိတ်အားထက် သန်နေပုံရသည်။
“ပြင်ဆင်ချက်များသည် အကြီးတန်းအရာရှိများကိုသာ ရည်ရွယ်သည်မှာ ထင်ရှားသည်” ဟု လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။ PLA အရာရှိ၊ အရာခံအနည်းငယ်သာ စနစ်ဆိုင်ရာကွာဟ ချက်များကို အသုံးချရန် လိုအပ်သောရာထူးနှင့် ဝင်ရောက်ခွင့်ရှိသော ပါတီဝင်များဖြစ်စေကြောင်း ထောက်ပြခဲ့သည်။“ရှီကျင့်ဖျင်က အဂတိလိုက်စားသော ဗိုလ်ချုပ်ကြီးများ အသုံးပြုခဲ့သော ဝယ်ယူမှု၊ ကြီးကြပ်မှုနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အားနည်းချက်များကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိလာစေမည်ဖြစ်သည်။”
ယခု အဂတိတိုက်ဖျက်ရေးလှုပ်ရှားမှုမှ အပြောင်းအလဲများအပေါ် ဆက်လက်အမှီအခိုပြုပြီး ရှီကျင့်ဖျင်သည် နိုင်ငံရေး ထိန်းချုပ်မှုကိရိယာတစ်ခုအဖြစ် အသုံးချနေခြင်းကလည်း ပေါ်လွင်နေသည်။ Zhang Youxia နှင့် Liu Zhenli တို့ကို ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် ဗဟိုစစ်ရေးကော်မရှင် (CMC) တွင် အဖွဲ့ဝင်အဖြစ် ရှီကျင့်ဖျင်နှင့် စစ်ဘက်စည်းကမ်းနှင့် စစ်ဆေးမှုများကို ကြီးကြပ်သည့် ဒုတိယဥက္ကဋ္ဌ Zhang Shengmin တို့သာ ကျန်ရှိတော့သည်။
PLA စစ်သင်တန်းမှူးဟောင်းတစ်ယောက်က ယင်းလှုပ်ရှားမှုသည် လက်နက်ကိုင်တပ်ဖွဲ့များအတွင်း ရှီကျင့်ဖျင်နှင့်ပါတီအပေါ် နိုင်ငံရေးသစ္စာစောင့်သိမှုကို အားဖြည့်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
“PLA ဟာ စစ်တပ်အဖွဲ့အစည်းတစ်ခုသက်သက် မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ထိပ်ဆုံးက အတ္တဆန်တဲ့ ရည်ရွယ်ချက်တိုင်းဟာ အသက်အန္တရာယ်ရှိတဲ့ အားနည်းချက်တွေကို ဖန်တီးနိုင်ပါတယ်။ စည်းကမ်းဆိုတာ အပြစ်ပေးရုံတင် မဟုတ်ပါဘူး။ ရည်ရွယ်ချက်တစ်ခုတည်းမှာ စည်းလုံးညီညွတ်မှုကို သေချာစေဖို့ပါပဲ”ဟု ပြောသွားခဲ့သည်။
ပေကျင်း (တရုတ်) အစိုးရက ပေးလိုက်သည့်သတင်းစကားက ရှင်းလင်းပါသည်။ အကြီးတန်းအဆင့် ရာထူးရှိသူများ အဂတိလိုက်စားမှုသည် သီးခြားကျင့်ဝတ်နှင့်မညီသော အပြုအမူသက်သက်သာ မဟုတ်။ ထိုအခြင်းအရာမျိုးများကို ဖွဲ့စည်းပုံဆိုင်ရာအန္တရာယ်တစ်ခုအဖြစ် ပုံဖော်ပြီး ပါတီထိန်းချုပ်မှုနှင့် အနာဂတ်စစ်ပွဲများ၌ PLA ၏ စစ်ရေးစွမ်းရည်နှစ်ခုလုံးအား ရှီကျင့်ဖျင်အစိုးရက အမြန်ဆုံးပြင်ဆင်ထိန်းသိမ်းခြင်းမလုပ်နိုင်လျှင် ကြီးမားသည့်အန္တရာယ်တစ်ခုအဖြစ် ရှုမြင်လိုက်ခြင်း ပင်။
#MeKongNews








