မဲခေါင်၊ ဒီဇင်ဘာ ၃၁
ရှမ်းတောင်၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းမှ ပအိုးဝ်ရွာများဖြစ်သည့် ရေပူ၊ ညောင်လေးပင်၊ အိမ်မူ စသည့် ကျေးရွာများတွင် ကင်းစောင့်ရန် တစ်ရက် လူ ၅ ဦး ပေးနေရပြီး မလိုက်နိုင်ပါက တစ်ဦး ကျပ် ၅ သောင်းပေးပြီး အငှားခေါ် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လတ်တလောတွင် ရှေ့တန်းအတွက် PNO တပ်သားများကို နေရာပြောင်းလဲ အသုံးပြုနေရကာ ဖယ်ခုံအင်း အရှေ့ဘက်မှ တပ်သားများအား အနောက်ဘက်သို့ လည်းကောင်း အရှေ့ဘက်မှ အနောက်ဘက်သို့ လည်းကောင်း အပြန်အလှန် ပို့ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
“အင်းအရှေ့နဲ့ အနောက်ဘက်ကမ်း ဟိုဘက် ဒီဘက် ချိန်းပြီး စစ်တိုက်ခိုင်းတာပါပဲ။ တောင်၊ မြောက်စလုံးရွာတွေ မှာ PNO တွေ အကျ များနေတော့ နေရာပြောင်းပြီး သေခိုင်းနေတာ ဆိုရမှာပေါ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိ၌ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တောင်စလုံးရွာ၊ မြောက်စလုံးရွာအနီး ထိတွေ့ တိုက်ပွဲများတွင် စစ်ကောင်စီနှင့် PNO တပ်သားများ သေဆုံးမှု များနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အတူ PNO များ အထိခိုက်၊ အသေအပျောက် များနေသဖြင့် ပင်လောင်း ဆေးရုံသာမက အောင်ပန်းရှိ ခုတင် ၇၀၀ စစ်ဆေးရုံသို့ ပို့ဆောင် ပေးနေရကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
“ထိတွေ့မှုဖြစ်တာ၊ စနိုက်ပါနဲ့ ပစ်တာတွေကြောင့် အနည်းဆုံး ၂၀ လောက်တော့ ဒီရက်ပိုင်းအတွင်း ဆေးရုံနဲ့ မြေကြီးထဲ ရောက်ကုန်ကြပြီ”ဟု ၎င်းက ဆိုသည်။
စစ်ကြောင်းများတွင် PNO အများစုနှင့် စစ်ကောင်စီ တပ်သားက အနည်းငယ်သာ ပါဝင်ကာ ၎င်းတို့ အတွက်လည်း PNO စိုးမိုးဒေသရှိ ကျေးရွာများက နေ့စဥ် ထမင်းထုပ် ၂၀၊ ရေသန့်ဗူး ၂၀ ကို တစ်ရွာလျှင် တစ်လ ၃ ကြိမ် ပို့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုပြင် စစ်မှုထမ်းကြေး အဖြစ် တစ်အိမ် ကျပ် ၅ သောင်းကိုလည်း အိမ်တိုင်း လစဥ် ပေးနေကြရကြောင်း သတင်းရင်းမြစ်များက ပြောသည်။
#MeKongNews
#PNO
#ပအိုးဝ်ရွာ
#ဖယ်ခုံအင်း
#ကင်းစောင့်








