မဲခေါင်၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ရက် ညနေပိုင်းက ဗုံး ၃ လုံးထက်မနည်း ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံကသတင်းရသည်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် – ၁ အမှတ် (၁) ရဲစခန်းအနီး၊ ရပ်ကွက် -၂ နယူးအာရှအနီးနှင့်ရပ်ကွက်- ၅၊ နယ်မြေ ၄ တရုတ်ဘုံကျောင်းအနီးတွင် ဗုံးများပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“လူအထိအခိုက်တော့မကြားဘူး။ ဒီမှာက ရွေးကောက်ပွဲရော ကိုးကန့်နဲ့ အခြေအနေတင်းမာနေတာရော၊ ကလပ်တွေ၊ ဘားတွေ မူးယစ်ဆေးတွေနဲ့ ခိုးဆိုးလုယက်တာတွေရော ရှုတ်ထွေးနေတာ။ ဘယ်တော့ ဘာပြန်ဖြစ်မလည်း အထူးသတိထားနေကြရတာ။ အခုလည်း ဗုံးတွေ ကျန်သေးတယ်ကြားတယ်” ဟု ရပ်ကွက် ၉ နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁၀ရက်ခန့်အလိုတွင် လားရှိုးမြို့ပေါ် နေရာအများအပြား၌ ယခုလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာခြင်းဖြစ်ပြီး စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာအကဲခတ်သူများက သုံးသပ်သည်။
“စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြည်သူတွေကို သတိပေးတာဖြစ်နိုင်တယ်။ လားရှိုးကို စစ်တပ်ကထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုတာကိုလည်း ထောက်ပြနေတဲ့ သဘောပဲ”ဟု အထက်မြန်မာပြည် နိုင်ကျဥ်းဟောင်းများကွန်ရက် အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ပြောသည်။
စစ်ကောင်စီက လားရှိုးမြို့ပေါ် ၁၂ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁စု၌ ရွေးကောက်ပွဲပြုလုပ်ရန် မဲရုံများ လျာထားလျက်ရှိကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#ဗုံးပေါက်ကွဲ
#ရွေးကောက်ပွဲ
#ကိုးကန့်








