မဲခေါင်၊ ဒီဇင်ဘာ ၁၀
ဒီဇင်ဘာ ၉ ရက်နေ့က ၃၃ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်ထိုင်းနိုင်ငံက ကျင်းပအပြီး ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာပင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၂ ရက်ဆက် တိုက်ပွဲ ပြင်းထန်မှုများကြောင့် ကမ္ဘောဒီးယားအားကစားသမားများအားလုံး ဆီဂိမ်းပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အရှေ့တောင်အာရှအားကစားပွဲအဖွဲ့ချုပ်ထဲ ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက အကြောင်းကြားစာ တင်သွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဗတ်ချမ်ရူအန်က နုတ်ထွက်စာထဲတွင် ထိုင်း အိုလံပစ်ကော်မတီ၊ ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ ကမ္ဘောဒီးယား အားကစားသမားများအပေါ် အကောင်းဆုံးနွေးထွေးစွာ ဆက်ဆံပေးခြင်း၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကူညီဖေးမခြင်း၊ နားလည်မှုပေးခြင်းများအတွက် အထူးကျေးဇူးတင်ကြောင်း၊ သို့သော် လုံခြုံရေးအခြေအနေကြောင့် အားကစားသမားအားလုံး ၃၃ ကြိမ်မြောက် ဆီးဂိမ်းမှ နုတ်ထွက်ရသည့်အတွက် အနူးအညွတ် တောင်းပန်သည်ဟု ထည့်သွင်းရေးသားထားသည်။
ထိုင်းအားကစားအာဏာပိုင်အဖွဲ့အစည်းဘက်မှမူ မည်သည့်မှတ်ချက်မျှ မပေးသေးပေ။ ဆီးဂိမ်းဖွင့်ပွဲတွင် အိမ်ရှင်ထိုင်းအသင်းသည် အာဆီယံ ဆိုသည်မှာ ပင်လယ်ဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို တစ်ခုတည်း ဖြစ်စေရန် သိုင်းယှက်ထားသည်ဆိုသည့်အဓိပ္ပါယ်ရသော (We Are One – Connected By the Sea) ဆောင်ပုဒ်ကို ထားရှိသော်လည်း ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတွင် ဖိုက်တာဂျက်လေယာဉ်များ အသုံးပြုကာ ၂ ရက်ဆက် ပြင်းထန်စွာ တိုက်ခိုက်နေသလို ကမ္ဘောဒီးယားဘက်မှလည်း BM 21 ရောကတ်များဖြင့် ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် သေဆုံးမှုများ တိုးပွားလာပြီး စစ်ဘေးရှောင်များလည်း သောင်းချီရှိလာပြန်သည်။
ကိုကလင်း
Ref: onesports
#MeKongNews
#ဆီးဂိမ်း
#အာဆီယံ
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံ








