မဲခေါင်၊ နိုဝင်ဘာ ၂၆
အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် PNO ပါတီ၏ တောင်ကြီးမြို့ပေါ် မဲဆွယ်ပွဲသို့ တက်ရောက်လာသူ ၇၀ ခန့်သာရှိပြီး လူငယ်တစ်ဦးမျှ မပါကြောင်း မဲခေါင်၏ သတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာ ၂၄ ရက်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ မြေဖြူ၌ PNO ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကပြောသည်။
ယင်းမှာ မြို့ပေါ်၌ ကျေးလက်ကဲ့သို့ တစ်အိမ်တစ်ယောက် မလာမနေရအမိန့်ဖြင့် PNO က လုပ်မရခြင်းကြောင့် လူငယ်များ မတက်ရောက်ခြင်း ဖြစ်နိုင်ကြောင်း မြေဖြူနေ ပြည်သူတစ်ဦးက သုံးသပ်သည်။
“မြို့မှာက ရွာမှာလို တစ်အိမ်တစ်ယောက် မတက်မနေရ မတက်ရင် ဒဏ်ငွေထည့်ရမယ်၊ ရွာကနေ နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ပြီး လုပ်လို့မရဘူးလေ။ ပြီးတော့ မြို့ပေါ်က လူငယ်တွေက အမြင်ပွင့်တော့ သူတို့ခြောက်တိုင်း မကြောက်ကြဘူးလေ။ ဒါကြောင့် လူငယ်တွေ တစ်ယောက်မှ မသွားတာ”ဟု မြေဖြူနေ ပြည်သူတစ်ဦးက ပြောသည်။
၎င်းတို့ ထုတ်ပြန်ထားသော မြေဖြူမဲဆွယ်ပွဲ ဓာတ်ပုံများတွင်လည်း တက်ရောက်လာသူ အားလုံးမှာ အသက်ကြီးသူများသာ ဖြစ်နေပြီး လူဦးရေ ၇၀ ခန့်သာရှိသည်ကို တွေ့ရသည်။
တောင်ကြီးမဲဆွယ်ပွဲတွင် တက်ရောက်လာသူများမှာ အသက် ၄၅ နှစ်အောက်အရွယ် တစ်ဦးမှမပါသဖြင့် လူငယ်များမတက်ရောက်ဟု ဆိုလိုခြင်းဖြစ်ကြောင်း မဲဆွယ်ပွဲသွားခဲ့သူတစ်ဦးက ပြောသည်။
“ခင်ရာမင်ရာဆိုတော့ မသွားလို့ မကောင်းတာနဲ့ သွားနားထောင်တာပါ။ လူငယ်လို့ ပြောလို့ရတာဆိုလို့ လာဟောတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ကျန်တာက ဦးတို့လို့ လူကြီးတွေချည်းပဲ”ဟု ၎င်းက ပြောသည်။
ယင်းပါတီကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ခွန်သိန်းဖေ၊ ခွန်စံလွင်၊ နေဝင်းထွန်းတို့ ဦးဆောင်နေခြင်းဖြစ်သည်။
#MeKongNews
#တောင်ကြီး
#PNOပါတီ
#မဲဆွယ်ပွဲ
#လူငယ်
ပုံ – နိုဝင်ဘာ ၂၄ ရက်နေ့ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်တွင် PNO ပါတီမဲဆွယ်ပွဲကို တက်ရောက်လာသူများအားတွေ့ရစဉ်








