မဲခေါင်၊ နိုဝင်ဘာ ၂၄
ပုံမှန်မဟုတ်သော မြစ်ရေ အနည်အနှစ်များပြားလာမှုကြောင့် ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က မယ်ဟောင်ဆောင်ခရိုင်ရှိ သံလွင်မြစ် နေရာ ၁၃ နေရာမှ ရေများကို နမူနာယူစစ်ဆေးခဲ့ရာ ထွက်ပေါ် လာသည့်အဖြေတွင် ၁၃ နေရာစလုံးမှ ရေများသည် အာဆင်းနစ်အဆိပ်ဓာတ်များ အန္တရာယ်အဆင့် အထိ ပါဝင်နေသည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။
PCD ညွှန်ကြားရေးမှူးချုပ် ဆာရင်ဝိုရာကစ်သမ်ရောင်းက နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အကြား ထိုင်း- မြန်မာနယ်စပ်ဖြတ်စီးသည့် သံလွင်မြစ်ရေးကို မယ့်ဆရင်းမှ ဆော့ပ်မွိုင်အကြား ၁၃ နေရာမှ နမူနာ ယူကာ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြစ်ရေတွင် အန္တရာယ်အဆင့်သည် တစ်လီတာ ၀ ဒသမ ၀၁ မီလီဂရမ်နှုန်းထက်မကျော်သင့်ဟု သတ်မှတ် ထားရာ ယခု ၁၃ နေရာစလုံး ထိုစံနှုန်းထက် အာဆင်းနစ်ပါဝင်မှု ကျော်လွန်နေပြီး တစ်နေရာတွင် ၀ ဒသမ ၀၅ မီလီဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။
အဆိပ်သင့်စေသော ပြဒါး (မာကျူရီ) ပါဝင်မှု နှုန်းမှာမူ အန္တရာယ်အဆင့်တွင် မရှိဟုလည်း ဆိုသည်။
ထိုသို့ သံလွင်မြစ် အာဆင်းနစ်အဆိပ်ဓာတ်အန္တရာယ်အဆင့် ပျော်ဝင်နေမှုအတွက် အမျိုးသားသဘာ၀ ရင်းမြစ်နှင့်သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြကာ ထိုမှတစ်ဆင့် မြန်မာဘက်မှာ စီးဆင်းလာသည့် ညစ်ညမ်းရေးများအတွက် မြန်မာ စစ်ကောင်စီ အာဏာပိုင်များအား အကြောင်းကြား သတိပေးခြင်းနှင့် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသွားမည်ဟုလည်း ညွှန်ချုပ် ဆာရင်က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#သံလွင်မြစ်ရေ
#မယ်ဟောင်ဆောင်
#အာဆင်းနစ်
#ပြဒါး








