မဲခေါင်၊ နိုဝင်ဘာ ၁၅
မိန်းကလေးများစီးလာသည့် ဆိုင်ကယ်များကို ပစ်မှတ်ထား၍ အုပ်စုဖွဲ့လုယက်သူတစ်စု ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယခုရက်ပိုင်းအတွင်း ရှိနေကြောင်း ဒေသခံများက မဲခေါင်သို့ သတင်းပေးကြသည်။
ကျိုင်းတုံမြို့၊ နောင်ကုန်ပါလင်ရွာအကျော်နှင့် ငါးကန်အကွေ့အကျော်နားတွင် ယင်းသို့ လုယက်ခံရခြင်းဖြစ်ကာ ပြီးခဲသည့် နိုဝင်ဘာ ၁၀ ရက် နှင့် အောက်တိုဘာလအတွင်း တစ်ကြိမ်စီ၊ စက်တင်ဘာလအတွင်း ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကဆိုသည်။
“သူတို့က ညနေ ၅ နာရီကျော်ဆို မြို့ထဲကနေ အဲဒီဖက်ရွာကိုပြန်တဲ့ ဆိုင်ကယ်တွေကို ပါလင်ရွာထဲက စျေးဆိုင်တွေ မှာ စျေးဝယ်သလိုလိုနဲ့ စောင့်ကြည့်တာပါ။ မိန်းကလေးတစ်ယောက် အဖော်မပါတဲ့ဆိုင်ကယ် ဖြတ်ပြီဆိုတာနဲ့ သူတို့ ၅ ယောက်အဖွဲ့က နောက်ကနေ လိုက်လာပါတယ်။ လူပြတ်တဲ့ အကွေ့ကျော်နားရောက်ပြီဆို နောက်ကနေ လှမ်းရိုက်ပြီး ဆိုင်ကယ်လဲသွားချိန်မှာ လူကိုထပ်ရိုက်ပြီး ချုံထဲအတင်းတွန်းပို့ပြီး ဆိုင်ကယ်ကို ယူသွားတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းလုယက်သူများမှာ ဆိုင်ကယ် ၃ စီးဖြင့် လူ ၅ ဦးဖြစ်ပြီး ဓားရှည်အစွပ်မချွတ်ဘဲ ရိုက်ပြီး လဲကျချိန်တွင် အာခါစကားဖြင့် ထပ်ရိုက်ရန် ပြောဆိုကြောင်း ကိုယ်တိုင်ကြုံတွေ့သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထိုသို့ အုပ်စုဖွဲ့လုယက်ခံရသဖြင့် လက်ရှိတွင် ကျောင်းပြန်၊ ကျူရှင်ပြန်နှင့် အလုပ်ပြန်သည့် မိန်းကလေးများမှာ ယင်းနေရာကို မဖြတ်ရဲလောက်အောင် ကြောက်ရွံ့နေကြကြောင်း သိရသည်။
“အဲဒီဖက်မှမဟုတ်ဘူး၊ ကျိုင်းတုံ နေရာအတော်များများမှာ လုနေတာ။ ဟိုနေ့ကလည်း တိုင်းလိခန်းမဘေးမှာကို လူ ၃ ယောက်က ဆိုင်ကယ်လုသွားတာ” ဟု ဝေါ်ခုတ်ရွာခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် လဆန်းပိုင်းတွင်လည်း နားခမ်းရွာရှိ ကျိုင်းတုံတက္ကသိုလ် အဆောင်ဝင်ခါနီး ဆိုင်ကယ်အရှိန်လျှော့စဉ် လူ ၂ဦးက တွန်းလှဲကာ လက်ထဲမှပိုက်ဆံအိတ် လုယူခံရသော်လည်း ဆိုင်ကယ်မပါသွားကြောင်း မိုင်းခတ်မြို့နယ်မှ အဝေးသင်လာတက်သည့် ကျောင်းသူတစ်ဦးက ပြောသည်။
ကျိုင်းတုံ၌ ဆိုင်ကယ် မကြာခဏ လုယက်ခံနေရသော်လည်း ပြန်ဖမ်းမိမှု နည်းပါးသဖြင့် ရဲမတိုင်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
#MeKongNews
#ကျိုင်းတုံ
#မိန်းကလေးစီးဆိုင်ကယ်
#ပစ်မှတ်ထား
#အုပ်စုဖွဲ့လုယက်








