မဲခေါင်၊ နိုဝင်ဘာ ၁၃
နိုဝင်ဘာ ၇ ရက်က ထိုင်းလွှတ်တော်တွင် ညည့်သန်းခေါင်မှ မနက် ၁၁ နာရီ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်မသောက်ရ၊ ရောင်းချခြင်းမပြုရ ဥပဒေဟောင်းကို ပြန်လည်အသက်သွင်းခဲ့ရာ နိုင်ငံ တစ်ဝန်း စီးပွားရေးပိုင်းထိခိုက်မှု၊ လူထု နားလည်လက်ခံကျင့်သုံးနိုင်ရန်ခက်ခဲမှု၊ ခေတ်နေထိုင်ရှင်သန် ပုံများအရ မဖြစ်နိုင်မှုများကြောင့် ဝေဖန်ဆန့်ကျင်မှုများပြားနေရာ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယခုဥပဒေသည် ရဲ အမှုအခင်းမဟုတ်သလို ပညာပေးခြင်းနှင့် ဓလေ့စရိုက်များအား လေ့လာစစ်တမ်းယူခြင်းအဆင့်သာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ရှင်းလင်းသွားခဲ့သည်။
ကန့်သတ်ချိန်များတွင် အရက်၊ ဘီယာသောက်သုံးပါက ဘတ် ၁၀၀၀၀ (ဒေါ်လာ ၃၀၀ ဝန်းကျင်) ဒဏ်ရိုက်မည်ဟုလည်း ဥပဒေပြုထားသဖြင့် ထိုင်းအတိုက်အခံပါတီဖြစ်သော ပြည်သူပါတီမှ အချိန်တို အတွင်း လူများ ယမကာကို အလောတကြီးသောက်ကြရမည်ဖြစ်သောကြောင့် ကျန်းမာရေးပိုမိုထိခိုက် မှုများသာ ရှိလာမည်ဟု ကန့်ကွက်ထုတ်ပြန်ခဲ့သလို ရှေးရိုးစွဲ လွန်ခဲ့သည့် နှစ် ၁၀၀ ဝန်းကျင်က လူနေမှု ပတ်ဝန်းကျင်ကိုကြည့်ကာ ထုတ်ပြန်ထားသည့် ဥပဒေဟောင်းကြီးအား ယနေ့ခေတ် လူမှုဘ၀နှင့် လုံး၀ မအပ်စပ်ဘဲ ပြန်လည်ထုတ်ပြန်ခြင်းဟု ဝေဖန်မှုများမြင့်တက်လာခဲ့သည်။
ထိုင်း ယမကာထိန်းချုပ်ရေးကော်မတီရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာနီပွန်ချိုင်နွန်ဝပ်က လက်ရှိ ဥပဒေ ထုတ်ပြန်မှုသည် အသွင်ကူးပြောင်းဆဲကာလဖြစ်သလို ကြားခံ လိုတိုးပိုလျှော့ ဥပဒေအပိုဒ်ခွဲများလည်း မချမှတ်ရသေးကြောင်း၊ ထို့ကြောင့် အာဏာပိုင်တာဝန်ရှိသူများက ဥပဒေအသုံးချမှုကို အထူး ဂရုပြုရမည်ဖြစ်ကာ ချက်ချင်း ဒဏ်ငွေများချမှတ်အပြစ်ပေးခြင်းထက် သတိပေးခြင်း၊ ပညာပေးခြင်းများကို ဦးစွာလုပ်ဆောင်ပေးရန်သာ မှာကြားထားကြောင်း၊ ရဲမှုခင်းရေးရာမဟုတ်ဘဲ ဒဏ်ရိုက်ခဲ့သည်များကို လည်း ရဲတပ်ဖွဲ့က ရရှိမည်မဟုတ်ဘဲ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတော် ဘဏ္ဍာအဖြစ်သာ ပြန်ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
လက်ရှိ ထိုင်းလွှတ်တော်မှ အတည်ပြုသော ဥပဒေသည် သတ်မှတ်ချိန်အတွင်း အရက်၊ဘီယာ မသောက်ရ၊ မရောင်းချရဟု ဆိုသော်လည်း ဘားများ၊ စားသောက်ဆိုင်များ၊ ငွေထည့်သွင်းခြင်းဖြင့် အရက်ဘီယာထွက်လာသည့် စက်များအတွက် မည်သို့ ကြားခံ ဥပဒေခွဲများဖြင့် ခွင့်ပြုသည်၊ ပိတ်ပင် သည်ဆိုခြင်းကို အတိအကျ ပြဌာန်းထားခြင်းမရှိသေးသဖြင့် မေးခွန်းထုတ်စရာများ များလာရခြင်းဖြစ် သည်။
ကိုကလင်း
Ref: straitstimes
#MeKongNews
#ထိုင်းနိုင်ငံ
#ယမကာသောက်သုံးခွင့်
#ဒဏ်ကြေး
#ရဲမှုခင်း








