မဲခေါင်၊ နိုဝင်ဘာ ၇
နိုဝင်ဘာ ၄ ရက်နေ့က ဂါဇာရှိ ဟားမက်စ်တပ်များသည် နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသား ဓားစာခံ အစ်တေးချန်းကို ကြက်ခြေနီအဖွဲ့မှတစ်ဆင့် အစ္စရေးထံသို့ အလောင်း ပေးပို့ခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်အောက်တိုဘာလကတည်းက ၇ ရက်နေ့က ဟားမက်စ်တို့ အစ္စရေးနယ်စပ်ကျော်ဖြတ် ဝင်ရောက်ကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ဓာစားခံများစွာ ဖမ်းဆီးခေါ်ဆောင်သွားမှုတွင် ထိုစဉ်က ၁၉ နှစ်သာရှိသေးသော အစ်တေးချန်လည်း ပါသွားခဲ့ပြီး ၎င်းသည် အစ္စရေးတွင် မွေးဖွားကာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး မိသားစုက သေသည်ရှင်သည် မသေချာသေးသဖြင့် ဈာပန အခမ်းအနားလည်း မကျင်းပနိုင်ဘဲ ၂ နှစ်ကျော် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
အစ်တေးချန်သည် အစ္စရေးကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းရွက်နေကာ ဟားမက်စ်များ ကျူးကျော်သတ်ဖြတ်စဉ် ပြည်သူအား ကာကွယ်ပေးရင်း သေဆုံးပြီး အလောင်းပျောက်သွားသည်ဟု ကနဦးသတင်းများထွက်ပေါ်ခဲ့သေးသလို မသေဆုံးဘဲ ဟားမက်စ်တို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည် ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်သည်။
၂၀၂၄ ခုနှစ်ကမူ အစ္စရေးစစ်တပ်က အစ်တေးချန်သည် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက် မှုဖြစ်စဉ်ကတည်းက သေဆုံးခဲ့သည်ဟု ထောက်လှမ်းရေးသတင်းအချက်အလက်များအရ သိရကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုမှ ဟားမက်စ်တို့ထံမှ အလောင်းပြန်ရခဲ့ခြင်းဖြစ်သည်။
အစ်တေး၏ ဖခင် ရူဘီချန်းက သားဖြစ်သူ အသက်ရှင်လျှက်ရှိနေသေးသည်ဟု ခံစားရပြီး ယခု အလောင်းပြန်ရသည်ဆိုသော်လည်း အလောင်းသည် အမေရိကန်ရှိ မိသားစုထံ ပြန်မရောက်မချင်း ဈာပနအခမ်းအနားမကျင်းပသေးဟု အင်တာဗျူး၌ ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ အစ်တေးချန်အတွက် ဂုဏ်ပြုရမည်ဖြစ်ကာ ဆုံးရှုံးမှုအတွက် မိသားစုနှင့်အတူ ဝမ်းနည်းအောက်မေ့ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
ဒေါ်နယ်ထရမ့်ကြားဝင်စေ့စပ်ပေးခြင်းကြောင့် အစ္စရေးနှင့်ဟားမက်စ်တို့ အောက်တိုဘာ ၁၀ ရက်တွင် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူမှုရယူနိုင်ခဲ့ပြီးနောက် အသက်ရှင်လျှက် ဓားစာခံ ၂၀ ပြန်လွတ်လာပြီး နိုဝင်ဘာ ၄ ရက်က နောက်ထပ် ဓားစာခံတစ်ဦးအလောင်းကို ဟားမက်စ်တို့က အစ္စရေးထံ ပြန်လည်လွှဲအပ်ရာ စစ်ဆေးမှုအရ စစ်မှန်သည့် ဓားစာခံဖြစ်သည်ဟု အတည်ပြုခဲ့သည်။
သို့သော် ထိုနေ့မှာပင် အစ္စရေးတပ်များနောက်ဆုတ်ပေးထားသည့် အဝါရောင်စည်းကို ပါလက်စတိုင်း သား ၂ ဦး ရန်ပြုတိုက်ခိုက်လိုဟန်ဖြင့် ကျူးကျော်လာသဖြင့် ပစ်သတ်ခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် ဟားမက်စ်တို့ သေဆုံးပြီးသား ဓားစာခံအလောင်း ၂၈ လောင်း ပြန်လည်လွှဲပေးခဲ့ပြီး နောက်ဆုံး ဓားစာခံ ၆ လောင်းသား ထပ်မံလွှဲပေးရန် ကျန်ရှိတော့သည်။
ကိုကလင်း
Ref: nytimes
#MeKongNews
#အစ္စရေး
#အမေရိကန်
#ဟားမက်စ်
#ဓားစာခံ
#အဝါရောင်စည်း








