မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်မှ ဇောတိကရာမစာသင်တိုက် (ရန်ကင်းကျောင်း) ပိုင် ဖြစ်သည့် သာသနာ့ဝတ္တက ရေသိမ်တော်မြေနေရာကို PNO/PNA ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ကျောင်းပိုင်၊ ကျောင်းထိုင်နှင့် မူလအလှူရှင်၏ ခွင့်ပြုချက်မရယူဘဲ အဓမ္မ အပိုင်သိမ်းရန် ပြုလုပ်နေကြောင်း ယင်းကျောင်းမြေနှင့်နီးစပ်သူများထံမှ သိရသည်။
PNO ကသိမ်းယူမည့် ယင်းရန်ကင်းဘုန်းတော်ကြီးကျောင်း ရေသိမ်မြေနေရာမှာ မူလပိုင်ရှင် ဖြစ်သူက ၁၉၇၆ ခုနှစ်တွင် ရေစက်သွန်းချ လှူဒါန်းထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်မြေစာရင်းဌာနက သာသနာ့မြေအဖြစ် အတည်ပြုထားသည့် နေရာဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက အလှူရှင်ကကျောင်းမြေကို တစ်ဦးတည်း လှူထားတာ၊ အခုသူတို့ ကျူးကျော်လာတာက ကျောင်းတစ်ခုလုံးကို ကျူးကျော်တာ မဟုတ်ပေမယ့် သာသနာမှာအဓိက ဖြစ်တဲ့ ရေသိမ်နေရာကိုပဲ။ သိမ်လည်း သမုတ်ပြီးသားပါ။ အဲဒါကို PNAက သိမ်းယူပြီး မြေကွက်ရိုက်ရောင်းဖို့ လုပ်နေတာ” ဟု ယင်းဘုန်းကြီးကျောင်းနှင့် နီးစပ်သူကမဲခေါင်ကို ပြောသည်။
သာသနာ့မြေဖြစ်သော ရေသိမ်တော်နေရာအား အဓမ္မကျူးကျော်သိမ်းယူသူများမှာ ဟိုပုံး PNO မှ သိန်းဖာဝင်းနှင့် တင်မောင်ဆိုသူတို့ဖြစ်ပြီးမြေ ကွက်ရိုက်ရောင်းချရန် စီစဥ်နေသူမှာ နန်းခမ်းပေး ခေါ် စုစုအောင် ဖြစ်ကာ အောက်တိုဘာလ ၂၀ ရက်နေ့က မြေနေရာပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဘုန်းကြီးတွေကတော့ မြေကို ကျူးကျော်ယူတာကို စိတ်မကောင်း ဖြစ်ကြပေမဲ့ မြေကွက်ရိုက် ရောင်းမှာကိုတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ သာသနာ့မြေ သိမ် သမုတ်ထားတဲ့ မြေဖြစ်လို့ ဝယ်ပြီး နေတဲ့သူတွေ အပြစ် မရစေချင်တာမျိုးပါ။ ၇ ရက် သားသမီးတွေ ဒုက္ခ မရောက်စေချင်တာမျိုးပေါ့” ဟု သံဃာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မသာပစ္စည်းကိုဆောင် ကျောင်းပစ္စည်းကို ရှောင်” ဆိုသည့် စကားအတိုင်း သာသနာ၏ပစ္စည်းများကို မသင့်မလျော်ပြုလုပ်ပါက ယခုဘဝတွင်မက နောင်သံသရာ အဆက်ဆက် ဗျသနတရား ခေါ် ပျက်စီးမှုအဖုံဖုံခံစားရမည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြကြောင်း ယင်းနီးစပ်သူက ပြောသည်။
မူလမြေအလှူရှင်နှင့် မူလဆရာတော်ကြီးများမရှိတော့သည့်နောက် လက်ရှိကျောင်း ထိုင်ဆရာတော်ကို PNO အဖွဲ့က ယင်းမြေနေရာမှာ ၎င်းတို့အပိုင်ဟုဆိုပြီး မောက်မာရိုင်းစိုင်းစွာပြောဆိုပြီး အကွက်ရိုက်ရောင်းချရန် ကြံစည်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းမြေမှာ လက်ရှိပေါက်စျေးအဖြစ် ကျပ်သိန်း ၃၀၀ တန် မြေကွက် ၁၀ ကွက်ခန့် တန်ဘိုးရှိနေကြောင်း ဒေသခံများထံက သိရသည်။
ယခု ဇောတိကရာမစာသင်တိုက် (ရန်ကင်းကျောင်း) သည် ရန်ကင်းကျေးရွာ၊ ဟိုပုံးမြို့အဝင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအနက် ထင်ရှားသည့် စာသင်တိုက်တစ်ခုဖြစ်ကြောင်း စုံစမ်းသိရသည်။
#MeKongNews
#ဟိုပုံးမြို့
#သာသနာ့နယ်မြေ
#PNO
#အကွက်ရိုက်ရောင်း








