မဲခေါင်၊ အောက်တိုဘာ ၁၂
အောက်တိုဘာ ၁၀ ရက်နေ့က ၎င်း၏ အလုပ်သမားပါတီ ထူထောင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနား စစ်ရေးပြချီတက်ပွဲကြီးကို မြို့တော်ပြုံယမ်းတွင် ခမ်းနားစွာကျင်းပခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တက်ရောက်လာသည့် မဟာမိတ်နိုင်ငံခေါင်းဆောင်များအား ၎င်းတို့နိုင်ငံမှ မဟာဗျူဟာမြောက် တီထွင်အဆင့်မြှင်ထုတ်လုပ်ထားသော Hwasong-20 တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များကိုပါ ခင်းကျင်းပြသခဲ့သည်။
ယင်းအခမ်းအနားသို့ တရုတ်ဝန်ကြီးချုပ် လီချင်း၊ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဇ်၊ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် တူလမ်တို့လည်း တက်ရောက်ခဲ့ကြသည်။
မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ KCNA က အဆိုပါ စစ်ရေးပြချီတက်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ အပြင်းထန်ဆုံး မဟာဗျူဟာ နျူကလီးယားတိုက်ချင်းပစ်ဒုံးကျည်များဖြစ်သော Hwasong-20 များကို ခင်းကျင်းပြသခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကင်ဂျုံအန်ကလည်း မက်ဗီဒက်ဗ်ရှေ့တွင် မိမိနိုင်ငံမှ စစ်သားများသည် ပြည်တွင်းမှာသာမက ဆိုရှယ်လစ်အင်အား ဖြန့်ကျက်ထူထောင်မှုအဖြစ် ရုရှားဘက်မှပါ ပြည်ပတွင် ဝင်ရောက်တိုက်ခိုက်ပေးနေသည့် အတွက် သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြောင်း၊ မိမိတို့စစ်တပ်နှင့် မဟာဗျူဟာ နျူကလီးယား ဒုံးကျည် Hwasong-20 တို့ကြောင့် မည်သည့်ခြိမ်းခြောက်မှု၊ မည်သည့်ရန်သူကိုမဆို ရှုံးစရာအကြောင်း မရှိဟု မိန့်ခွန်းပြောကြားသွားခဲ့သည်။
ကမ္ဘာက ကင်ဂျုံအန်၏ အလွန်ကြီးမားပြီး အမေရိကန်နိုင်ငံ မည်သည့်နေရာကိုမဆို အရောက်ပစ်နိုင်သည်ဟု ထုတ်ပြန်ခြိမ်းခြောက်ထားသော Hwasong-20 နျူကလီးယားဒုံးကျည်များအကြောင်း အထူး စိတ်ဝင်စားနေသော်လည်း တစ်ကြိမ်မျှ စမ်းသပ်ပစ်ခတ်သည်ကို မမြင်ဖူး၊ မကြားဖူးကြသေးပေ။
အမေရိကန်အခြေစိုက် Carnegie Endowment for International Peace မှ အန်ကစ်ပန်ဒါက Hwasong-20 ဒုံးကျည်သည် နျူကလီးယားထိပ်ဖူးများတင်ဆောင်ကာ တာဝေးပစ်ခတ်နိုင်စေရန် အဆင့်မြှင့်ထုတ်လုပ်ထားသော တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ကင်ဂျုံအန် စမ်းသပ်ပစ်ခတ်မှု လုပ်လာဖွယ်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ နျူကလီးယားထိပ်ဖူးများစွာကို တင်ဆောင်ကာ ပစ်ခတ်နိုင်စွမ်းရှိစေရန် ဒီဇိုင်းတီထွင်ထုတ်လုပ်ထားရာ အမေရိကန်အတွက် ဖိအား ဖြစ်စေသော်လည်း အမေရိကန်၏ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ချိုးဖောက်ကျော်ဖြတ်နိုင်စွမ်း ရှိ မရှိ၊ လေခွင်းရာတွင် တန်ပြန်သက်ရောက် ပေါက်ကွဲစေနိုင်မှု ရှိ မရှိကိုမူ သေချာ မသိနိုင်သေးကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: aljazeera
#MeKongNews
#မြောက်ကိုရီးယား
#ကင်ဂျုံအန်
#နျူကလီးယား
#တိုက်ချင်းပစ်ဒုံးကျည်








