မဲခေါင်၊ အောက်တိုဘာ ၁၀
အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ချိန်မှစပြီး ကုလသမဂ္ဂအဖွဲ့အစည်းကြီးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာအတွက် အဓိက ထောက်ပံ့ပေးနေမှုများကို ဖြတ်တောက်လျှော့ချခြင်းတွင် ဘတ်ဂျက်အခက်အခဲရှိသဖြင့် လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းပို့ဆောင်ထားသော ကုလငြိမ်းချမ်းရေး တပ်သားများစွာကို လျှော့ချရတော့မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုယ်တိုင်က အောက်တိုဘာ ၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် အမေရိကန်သာ ပထမ (America First) ဟူသော မူဝါဒကို ကိုင်စွဲကာ ကုလ၏ ယူနက်စ်ကို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့များမှ နုတ်ထွက်ပြီး ထောက်ပံ့မှုများဖြတ်တောက်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆိုမာလီယာ၊ ကွန်ဂို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်နှင့် ကိုဆိုဗိုအပါ ၉ နိုင်ငံသို့ မစ်ရှင် ၉ ခုအဖြစ် လုံခြုံရေး ရဲနှင့်စစ်သည် ၅၀၀၀၀ ခန့်အပ်စေလွှတ်ထားမှုအတွက် အဓိက ထောက်ပံ့ပေးမှု ဒေါ်လာ ၁ ဘီလီယံကိုလည်း ဒေါ်လာ သန်း ၆၈၀ သာ ပေးတော့မည်ဟု လျော့ချလိုက်သည်။
ထို့ကြောင့် ကုလငြိမ်းချမ်းရေးတပ်ဖွဲဝင်များအတွက် အသုံးစားရိတ် ၁၅ ရာခိုင်နှုန်း လျော့သုံးရမည်ဖြစ်ရာ မစ်ရှင် ၉ ခုမှ စစ်သည် ၅၀၀၀၀ ထဲမှ ၁၃၀၀၀ မှ ၁၅၀၀၀ အထိကို ဆက်မထားနိုင်တော့ဘဲ မိခင်နိုင်ငံ ပြန်ပို့ရတော့မည်ဟု ဂူတာရက်စ်က ထုတ်ပြန်ခဲ့သည်။
ယင်းကုလ ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ် မစ်ရှင်များအတွက် ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးမှ ဘတ်ဂျက်ထည့်ဝင်ပေးရသော်လည်း အမေရိကန်နှင့် တရုတ်တို့က ဘတ်ဂျက်အားလုံး၏ တစ်ဝက်နီးပါးကို ထည့်ဝင်ပေးထားကြခြင်းဖြစ်သည်။
အမေရိကန်က ၂၄ ရာခိုင်နှုန်း၊ တရုတ်က ၂၀ ရာခိုင်နှုန်း ပေးထားခြင်းဖြစ်ရာ တရုတ်ဘက်မှမူ လာမည့် ဘဏ္ဍာနှစ်အတွက် ယင်းမစ်ရှင်များအားပေးမည့် ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းကို အပြည့်ပေးဦးမည်ဟု ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: euronews
#MeKongNews
#အမေရိကန်
#ကုလသမဂ္ဂ
#ငြိမ်းချမ်းရေးတပ်
#တရုတ်








